တနင်္သာရီတွင် အဝေးပြေးယာဉ်လိုင်း ပုံမှန် ပြန်ပြေးရန် တင်ပြထားဟုဆို

0
155

တနင်္သာရီတိုင်းအတွင်းရှိ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများပုံမှန် ပြန်လည်ပြေးဆွဲခွင့်ပြုရန် တိုင်းဒေသကြီး ကိုဗစ်ကော်မတီနှင့် တိုင်းဒေသကြီးကုန်းလမ်းသယ်ယူပို့ဆောင်ရေးကော်မတီထံ တင်ပြထားကြောင်း တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနထံမှ သိရသည်။

ခရီးသွားပြည်သူများ လွယ်ကူမြန်ဆန်စွာ ခရီးသွားလာနိုင်ရေး၊ အဆင့်ဆင့် ခရီးသွားရာတွင် စရိတ်စက ကုန်ကျမှုများမည်စိုးသဖြင့် ကိုဗစ်အရှိန်လျော့လာပြီး လုံခြုံရေးအခြေအနေတွေ အဆင်ပြေလာပြီဆိုပါက ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများကို ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲခွင့်ပြုရန် ပြီးခဲ့သည့်ရက်ပိုင်းက သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆွေးနွေးထားပြီး စာဖြင့်လည်း တင်ပြထားသည်ဟု အထက်ပါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူဇက ပြောသည်။

“လောလောဆယ်တော့ ကျွန်တော်တို့ညှိနှိုင်းတင်ပြ ဆောင်ရွက်ထားတာရှိပါတယ်၊ တစ်တိုင်းလုံးကို အဆုံးအဖြတ်ပေးရတာဖြစ်တဲ့အတွက် အခုထိတော့ ကျွန်တော်တို့ကို ခွင့်ပြုမှုတော့ မရှိသေးဘူး” ဟု ဦးသူဇက ဆိုသည်။

ကိုဗစ် တတိယလှိုင်းဖြစ်ပွားချိန် ဇူလိုင်လ ၁၇ ရက်ကစပြီး အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသည်တင်ခြင်းကို ယာယီရပ်ဆိုင်းထားပြီး ကုန်စည်တင်ဆောင်ပြေးဆွဲခြင်းကိုသာ ကိုဗစ်စည်းကမ်းချက်နှင့်အညီ ခွင့်ပြုထားကြောင်း ဦးသူဇက ပြောသည်။

ခရီးသည်တင်ခြင်းကို ယာယီပိတ်ထားသော်လည်း အဝေးပြေးယာဉ်လိုင်းများမှာ ကုန်စည်တင်ရင်း ခရီးသည် ၅ ဦးမှ ၁၀ ဦးခန့်အထိ တင်ဆောင်နေပြီး အိမ်စီးကားများမှာလည်း ခရီးသည်လေးဦးခန့်မနည်း တင်ကာ တိုင်းတွင်းနှင့် တိုင်းပြင်ပကိုပြေးဆွဲလျက်ရှိသည်။

ခရီးသွားမည့်သူသည် ကိုဗစ်ကင်းရှင်းကြောင်း နှာခေါင်းတို့ဖတ် ဆေးစာ သို့မဟုတ် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား စသည့်အထောက်အထားများ လိုအပ်ကြောင်း ယာဉ်လိုင်းအချို့ထံက သိရသည်။

ရန်ကုန်-ထားဝယ် ခရီးသည်တစ်ဦးလျှင် ငွေကျပ် ငါးသောင်း၊ ထားဝယ်-မော်လမြိုင်ကို ငွေကျပ် သုံးသောင်း စသည်ဖြင့် ဈေးအမျိုးမျိုးရှိကြောင်း ခရီးသည်တင် ယာဉ်လိုင်းအချို့ထံမှ သိရသည်။

အိမ်စီးကားများဖြင့်လည်း ရန်ကုန်-ထားဝယ် တစ်ဦးလျှင် ငွေကျပ် ခြောက်သောင်းမှ ရှစ်သောင်းကျပ်ခန့်ဖြင့် လေးဦးဝန်းကျင် တင်ဆောင်ကာ ပြေးဆွဲလျက်ရှိကြောင်း စျေးကွက်အတွင်းမှ သိရှိရသည်။

“တရားဝင်ခွင့်ပြုထားတာမရှိပါဘူး၊ သို့သော် လူမှုရေး အခက်အခဲအရ ကားဆရာတွေနဲ့ တစ်ယောက်စ နှစ်ယောက်စပါလာကောင်း ပါလာနိုင်ပါတယ်၊ အဲဒီလိုလေးတွေပါလာမှ သူတို့မှာ စားဝတ်နေရေး စရိတ်တွေ ဘာလေးတွေ ညာလေးတွေပေါ့နော်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးသူဇက ပြောသည်။

ထားဝယ်၊ မြိတ် မြို့တို့မှ ရန်ကုန်မြို့သို့ လေယာဉ်ခရီးစဉ်များ ပြီးခဲ့သည့် မေလကုန်ကတည်းက ရပ်ဆိုင်းထားသဖြင့် တနင်္သာရီတိုင်းအတွင်းမှ ခရီးသွားများ အခက်အခဲတွေ့လျက်ရှိသည်။ ကော့သောင်းမှ လေယာဉ်ခရီးစဉ်ကို ပြီးခဲ့လလယ်ပိုင်းက ပြန်ဖွင့်ပေးခဲ့သော်လည်း ထားဝယ်၊ မြိတ်မှ လေယာဉ်ခရီးစဉ် မည်သည့် အချိန်ပြန်ဖွင့်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။