တစ်နှစ်ကျော်ရပ်နားထားသည့် ယာဉ်မောင်းလိုင်စင် စလုပ်ပေး

0
329

ကိုဗစ်ကပ်ဘေးကြောင့် တစ်နှစ်ကျော် ရပ်နားထားသည့် ယာဉ်မောင်လိုင်စင် အသစ်နှင့် သက်တမ်းတိုးလုပ်ငန်းများကို နိုဝင်ဘာလ ၈ ရက်နေ့မှစကာ ပြန်လုပ်ပေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ကိုဗစ်ရောဂါကူးစက်မှု များလာသဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃ ရက်နေ့မှစတင်ကာ ယာဉ်မောင်းလိုင်စင်အသစ် လုပ်ပေးခြင်းကို ရပ်နားထားခဲ့သည်။

လက်ရှိတွင် ဆိုင်ကယ်မောင်း(က)လိုင်စင်အား အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တွင် တစ်ပတ်နှစ်ရက်နှုန်း လုပ်ပေးနေကြောင်း ယင်းဌာနထံမှ သိရသည်။

အဆိုပါနေ့များတွင် တစ်ရက်လျှင် လူဦးရေ ၆၀ နှုန်းဖြင့် တစ်ပတ်လျှင် ၁၂၀ ဦး အထိ လက်ခံဆောင်ရွက်နေကြောင်း ကညနဌာန တာဝန်ရှိသူက ဆိုသည်။

တစ်ပတ်အတွင်း ဆိုင်ကယ်မောင်းလိုင်စင်လုပ်သူ ၁၂၀ ဦးထက် ကျော်လွန်နေပါက ကြာသပတေးနေ့တွင်လည်း လုပ်ပေးနေ‌ကြောင်း ၎င်းက ရှင်းပြသည်။

ကားမောင်းလိုင်စင်များကိုမူ အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် လုပ်ပေးနေပြီး တစ်ရက်လျှင် လူဦးရေ ၃၀ သတ်မှတ်ထားကြောင်း အဆိုပါ တာ၀န်ရှိသူက ပြောသည်။

ကားမောင်းလိုင်စင်များဟု ဆိုရာတွင် (ခ)၊ (ဃ) နှင့် (င) လိုင်စင်များ အကျုံး၀င်သည်။

“ဒီလိုင်စင်တွေ အားလုံးက လူကိုယ်တိုင်တော့ လာဖြေရတာပေါ့။ ပညာပေးသင်တန်းဖွင့်ပြီးမှ ဖြေရတာ။ စာတွေ့ရယ် လက်တွေ့ရယ်ပေါ့”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ယာဥ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းကိုမူ နေ့သတ်မှတ်ထားခြင်းမရှိဘဲ ရုံးဖွင့်နေ့တိုင်း လာလုပ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်ကပ်ဘေးကြောင့် ရုံးပိတ်ထားသည့် သတ်မှတ်ကာလအတွင်း သက်တမ်းလွန်နေသည့် ယာဥ်မောင်းလိုင်စင်များကိုမူ ဒဏ်ကြေးကောက်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ဥပမာအားဖြင့် ယခုနှစ် ဇွန်လ ၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးသည့် ယာဥ်မောင်းလိုင်စင်အား နို၀င်ဘာလ ၃၀ ရက်နေ့အထိ ဒဏ်ကြေးကင်းလွတ်ခွင့် ပြုထားသည်။

တိုင်းကညနဌာန၏ ယမန်နှစ်စာရင်းအရ တိုင်းအတွင်း ယာဉ်မောင်းလိုင်စင် စုစုပေါင်း တစ်သိန်းခုနှစ်သောင်းကျော်ရှိပြီး ယာဉ်အစီးရေ စုစုပေါင်း နှစ်သိန်းခွဲခန့်ရှိသည်။