ကရပ်ပြင်လမ်းဆုံနေအိမ်တွင် သေနတ်ပစ်ခံရသည့် အမျိုးသား သေဆုံးပြီး သားဖြစ်သူ ဒဏ်ရာရ

0
277

ထားဝယ်မြို့ ကရပ်ပြင်လမ်းဆုံရှိ ဆန်ရောင်းနေသည့် နေအိမ်အတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် အိမ်ရှင်အမျိုးသားသေဆုံးသွားပြီး သားဖြစ်သူဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတို့၏မိတ်ဆွေဖြစ်သူထံမှ သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း အနီးအနားနေသူအချို့ထံမှ သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် အသက် ၅၄ နှစ်ခန့်အရွယ် အိမ်ရှင်အမျိုးသားမှာ ရရှိသည့်ဒဏ်ရာဖြင့် ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း အထက်ပါမိတ်ဆွေက ပြောသည်။

အိမ်ရှင်ဖြစ်သူ ဦးခင်မောင်အေးတွင် သေနတ်ဒဏ်ရာ ၂ ချက်ထက်မနည်းထိမှန်ခဲ့ပြီး သားဖြစ်သူတွင် တစ်ချက် ထိမှန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“သူ့သားကတော့ လက်ရှိအချိန်ထိ စိုးရိမ်စရာ မရှိဘူး” ဟု အထက်ပါမိတ်ဆွေက ပြောသည်။

လက်ရှိပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။ မည်သည့်အတွက်ကြောင့် ပစ်ခတ်ရသည်ကိုလည်း မသိရသေးပေ။

ထိုသို့ ပစ်ခတ်မှုဖြစ်ပြီး မိနစ်၂၀ ခန့်အကြာတွင် ထားဝယ်မြို့အတွင်း သေနတ်အတွဲလိုက် ပစ်ခတ်သံ ၁၀ ချက်ထက်မနည်း ကြားနေရသည်။