မြိတ်တွင် ဆီစျေးကြောင့် အိမ်သုံးရေစျေးထပ်တက်

0
160

စက်သုံးဆီစျေး တက်ခြင်းကို အကြောင်းပြုပြီး အိမ်သုံးရေများ တဖြည်းဖြည်း စျေးတက်လာကြောင်း မြိတ်မြို့နေ သူများထံမှသိရသည်။

မြိတ်မြို့တွင် အိမ်သုံးရေစျေး စက်တင်ဘာလအထိ တစ်ယူနစ် ကျပ် ၁၅၀၀ ရှိခဲ့ရာမှ အောက်တိုဘာလတွင် ကျပ် ၁၇၀၀၊ ယင်းနောက် ယခု နိုဝင်ဘာလတွင် တစ်ယူနစ် နှစ်ထောင်ကျပ်ဖြင့် ထပ်တိုးကာ ကောက်ယူနေသည်ဟု ရေသုံးစွဲကြသူများကပြောသည်။

“တစ်လကို တစ်စျေး တင်ချင်သလို တင်နေတဲ့ သဘောမျိုးဖြစ်နေတယ်”ဟု မြိတ်မြို့၊မြို့သစ်ရပ်ကွက်နေ အိမ်ထောင်ရှင်မ တစ်ဉီးကပြောသည်။

မြိတ်မြို့တွင် တစ်နိုင်တစ်ပိုင် ရေပေးဝေဖြန့်ဖြူးရန်အတွက် မြေအောက်မှ အဝီစိရေများကို မြေပြင်ကန်အမြင့်သို့ ဒီဇယ်လောင်စာဆီသုံး အင်ဂျင်များကို အသုံးပြုကာ မောင်းတင်ကြရသည်။ ထိုကြောင့် မြိတ်မြို့ ရေစျေးမှာ ဆီစျေးအပေါ် မူတည်ကြောင်း အကြောင်းပြကြလေ့ရှိသည်။

စျေးကွက်အတွင်း စက်သုံးဆီစျေးနှုန်း ပုံမှန်ရှိနေရာမှ အောက်တိုဘာလအတွင်း စျေးနှုန်း ခုန်တက်သွားပြီး တစ်ပေပါလျှင် သုံးသိန်းသုံးသောင်းကျပ်အထိ မြင့်တက်လာခဲ့ကာ ယခုနိုဝင်ဘာလတွင် နှစ်သိန်းကိုးသောင်းကျပ်အထိ ပြန်လည်ကျဆင်းလာခဲ့ကြောင်း မြိတ်မြို့စက်သုံးဆီရောင်းချနေသူများ ကပြောသည်။

“ဆီစျေးက ရက်ပေါင်းနှစ်ဆယ်ကျော်လောက်ပဲတက်သွားတာ။ အခု ပြန်ကျနေပြီ။ ဒါကိုအခွင့်အရေးယူပြီး စီးပွားရေးသမားတစ်ချို့က လုပ်နေတာတွေရှိနေတယ်”ဟု လောင်စာဆီရောင်းချသူ မြိတ် ဒေသခံကပြောဆို ဝေဖန်ခဲ့သည်။

အိမ်သုံးရေရောင်းချသူများသည် ရပ်ကွက်နေအိမ်များသို့ မြေအောက်ပိုက်လိုင်းများဖြင့် သွယ်တန်းပေးထားပြီး လကုန် (သို့မဟုတ်) ဆယ်ရက်တစ်ကြိမ် ကျသင့်သည့် ယူနစ်အလိုက် စျေးနှုန်းအမျိုးမျိုးဖြင့် ကောက်ခံလျက်ရှိသည်။

ယင်းအပြင် ရေကားများဖြင့်လည်း ရပ်ကွက်နေအိမ်များသို့ လိုက်လံရောင်းချနေကြသည်။

Dawei Watch ၏စုံစမ်းမှုအရ မြိတ်မြို့ကလွင်အုပ်စုတွင် ယခင် တစ်ယူနစ် ကျပ်တစ်ထောင်မှ ယခုကျပ်တစ်ထောင့်ငါးရာ၊ ကံဖျား၊ ဘုရားငါးဆူရပ်တွင် ယခင် တစ်ယူနစ်ကျပ်တစ်ထောင်မှ ယခုကျပ် တစ်ထောင့်သုံးရာ၊ အခြားရပ်ကွက်များတွင်လည်း အလားတူ တစ်ထောင်ငါးရာဝန်းကျင် စျေးနှုန်းသာရှိခဲ့သည်။

ယင်း စုံစမ်းမှုအရ မြို့သစ်ရပ်တွင် စျေးနှုန်းအမြင့်ဆုံးဖြစ်နေပြီး ယင်းပေးဝေမှုကို မြိတ်တောင်ရပ်ကွက်မှ ဖြန့်ဖြူးပေးဝေနေသည်ဟု သိရှိရသည်။

ရေပေးဝေနေသည့် လုပ်ငန်းရှင် အချို့ကမူ လောင်စာဆီစျေးတက်ရသည့်အတွက် ထုတ်လုပ်မှုစရိတ်မြင့်တက်လာသည့်အတွက် စျေးတင်ရသည်ဟု ပြောဆိုခဲ့ပြီး လောင်စာဆီစျေးပြန်ကျလျှင် စျေးနှုန်းပြန်လည်ချပေးမည် ဖြစ်ကြောင်း အောက်တိုဘာလအတွင်းက ပြောဆိုခဲ့သည်။

သို့သော် နိုဝင်ဘာလအတွင်း လောင်စာဆီစျေးများကျလာသော်လည်း ရေစျေးမှာမူ ကျလာခြင်းမရှိ ယခင်လကထက် ကျပ်သုံးရာထပ်တိုးကောက်ခဲ့ကြောင်း မြို့သစ် ၃ ရပ်ကွက်နေ အိမ်ရှင်မကပြောပြသည်။

“ဘောင်ချာမှာ တစ်ယူနစ်နှစ်ထောင်နှုန်း ရေးထားလို့ ရေပိုင်ရှင်ကိုမေးတာ အရင်လကထက် ဆီစျေးထပ်တက်တယ်လို့ သူကပြန်ပြောသွားတယ်”ဟု ၎င်းကပြောသည်။

မြိတ်မြို့တွင် တစ်နိုင်တစ်ပိုင်ရေပေးဝေဖြန့်ဖြူးနေသည့် ပုဂ္ဂလိကလုပ်ငန်း ရာချီရှိနေပြီး ယင်းသို့ ဖြန့်ဖြူးပေးရာ၌ ပြည်သူများ စျေးနှုန်းသင့်တင့် မျှတစွာ သုံးစွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း ရေသုံးစွဲသူများ ကတောင်းဆိုလျက်သည်။