ထားဝယ်မြို့ပေါ် ညမထွက်ရအမိန့် မပြောင်းဟုဆို

0
275

ထားဝယ်မြို့နယ်တွင် ညမထွက်ရအမိန့်မှာ ယခင်ထုတ်ပြန်ထားသည့်အတိုင်း ည ၁၀ နာရီမှ မနက် ၄ နာရီအထိ တည်ရှိမြဲဖြစ်ကြောင်း ထားဝယ်မြို့နယ် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် ည ၇ နာရီမထွက်ရ၊ ထွက်ပါက ပစ်မိန့်ပေးထားသည်ဟုဆိုကာ ဒေသခံများကြားတွင် ကောလာဟလသတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး ထိုသို့ ရှင်းလင်းပြောဆိုခြင်း ဖြစ်သည်။

“အဲဒါ ကောလာဟလဖြစ်ပါလိမ့်မယ်၊ ကျွန်တော်တို့ ဒီဘက်က ထုတ်ပြန်ထားတာကတော့ အားလုံးတပြေးညီပဲ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိပဲ” ဟု ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်ရှိသူက ဆိုသည်။

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင်လည်း ညမထွက်ရအမိန့်ကို ည ၇ နာရီသတ်မှတ်ထားပြီး ထွက်ပါက ပစ်မိန့်ပေးထားသည်ဟု ပြောဆိုနေကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူ လူငယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“လိုက်အော်နေတယ်ဆိုတော့ ပြောသံကြားတယ်၊ ဒါပေမယ့်ကြက်စားပြင်မှာတော့ ဘာအော်တာ မသိဘူး၊ ၇ နာရီနောက်ပိုင်းထွက်ရင် ပစ်မိန့်ပေးထားတယ်ဆိုပြောတယ်၊ ကြက်စားပြင်၊ ဘုမ္မော်၊ ဒေါင်းငူတံငါ သုံးရပ်ကွက်ကို၊ ကိုယ်တိုင်တော့ လာအော်တာ မသိဘူး၊ ပြောသံကြားတာလောက်ပဲ” ဟု ကြက်စားပြင်ရပ်ကွက်မှ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

ထားဝယ်မြို့တွင် လုံခြုံရေးအရဟုဆိုကာ အတင်းကြပ်အခံရဆုံး ရပ်ကွက်တစ်ခုဖြစ်သော ကြက်စားပြင်ရပ်ကွက်မှ အခြားအမျိုးသမီးတစ်ဦးကလည်း ရန်ကုန်မှထားဝယ်သို့ ပြန်လာရာ သမီးဖြစ်သူမှ ည ၇ နာရီ ညမထွက်ရ ပစ်မိန့်ပေးထားသည်ဟု ဆိုသဖြင့် မော်လမြိုင်တွင် ညအိပ်လိုက်ရကြောင်း ပြောသည်။

ဘုမ္မော်ရပ်ကွက်တွင်လည်း ည ၇ နာရီမထွက်ရ ပစ်မိန့်ပေးထားသည်ဆိုသည့် သတင်း ရပ်ကွက်အတွင်းပြောဆိုနေကြသည်ကို ကြားရသော်လည်း ယင်းကြေညာချက်အား ကိုယ်တိုင်မကြားရသဖြင့် ကောလာဟလဖြစ်နိုင်ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ထားဝယ်ကမ်းနားလမ်းမှ ညဈေးတန်းရောင်းသည့် အမျိုးသမီးတစ်ဦးကလည်း ည ၇ နာရီမထွက်ရ ပစ်မိန့်ပေးထားသည်ဆိုသည့် သတင်းကြောင့် ၆ နာရီခွဲခန့်တွင် လူသူမရှိသလောက်ရှားသွားသည်ဟု ဆိုသည်။

ထားဝယ်မြို့နယ်တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီ၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များကိုမူ ည ၈ နာရီမှ မနက် ၄ နာရီ မထွက်ရဟု သတ်မှတ်ထားကြောင်း ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထံမှ သိရသည်။