မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ပြန်ဖွင့်ရန်စီစဉ်

0
291
ပုံ-မောတောင် စင်ခွန်းနယ်စပ်ဂိတ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီက တွေ့ရစဥ်

အချိန်တစ်နှစ်နီးပါးကြာ ပိတ်ထားသည့် မောတောင် -စင်ခွန်းနယ်စပ်ဂိတ်အား ယခုနှစ်အကုန်ခန့်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါနယ်စပ်ဂိတ်သည် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်ပြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နှင့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင် ပရာကျွတ်မြို့နှင့် ဆက်သွယ်ထားသည့် အထူးယာယီနယ်စပ်ဂိတ်တစ်ခုဖြစ်သည်။

နယ်စပ်ဂိတ်အား တရားဝင်ပြန်လှည်ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာဌာနတို့အား တင်ပြထားပြီး ထိုင်းဘက်မှ နှစ်ကုန်ခန့်တွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

” အတိအကျတော့ မသိရသေးဘူး” ဟု အထက်ပါ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။

မောတောင်နယ်စပ်ဂိတ်အား ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်ရှိ မဟာချိုင်ငါးဈေးတွင် လူရာချီကိုဗစ်ပိုးတွေ့ပြီးနောက် ထိုင်းဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန်စီစဉ်ခဲ့ပြီး မြန်မာနိုင်ငံရေးအပြောင်းလဲကြောင့် ရက်အကန့်မသတ်မရှိ ထပ်မံပိတ်ထားခဲ့ကြောင်း သိရသည်။

နယ်စပ်ဂိတ်ပိတ်ခဲ့သဖြင့် လူအဝင်အထွက်အား တားမြစ်ထားပြီး မြိတ်ဒေသထွက် ကင်းမွန်၊ ဂျင်း၊ ဂဏန်းမဲ စသည့် ရေထွက်ပစ္စည်းတစ်ချို့တို့အား အအေးခဲတုံးပုံစံဖြင့် ကုန်သွယ်ခွင့်ပြုထားကြောင်း မောတောင်နယ်စပ်နေ ရေထွက်ကုန်တင်ပို့ရောင်းချနေသည့် အမျိုးသားတစ်ဦးက ပြောပြသည်။

” တရားဝင် ပြန်ဖွင့်မယ့်သဘောပေါ့ ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

လက်ရှိ နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ရာတွင် နှစ်နိုင်ငံလူများဖြတ်သန်းသွားလာခွင့်နှင့် ရေခဲရိုက်ထားသည့် သားငါးတို့အား ကုန်သွယ်ခွင့် ရရှိမည်ဖြစ်ကြောင်း ရေထွက်ကုန်တင်ပို့ရောင်းချနေသူတစ်ချို့က ပြောပြသည်။

ယင်းကဲ့သို့ ကိုဗစ်ဂယက်နှင့် နိုင်ငံရေးအခြေအနေတို့ကြောင့် နယ်စပ်ဂိတ်ပိတ်ခဲ့ရသဖြင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ထိခိုက်နှစ်နာခဲ့ရပြီး ထိုင်းဘက်မှ တစ်လလျှင် ကုန်သွယ်မှု တန်ဖိုး ဘတ်သန်းတစ်ရာမှ ဘတ်သန်းနှစ်ဆယ်အထိ ထိုးချခဲ့ရကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ထိုင်းဘက်မှ ထုတ်ပြန်ထားပြီးဖြစ်သည်။