သထုံတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံပစ်သတ်ခံရ

0
294

မွန်ပြည်နယ် သထုံမြို့နယ် ဝင်းစိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသာစိုင်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဝင်းစိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသာစိုင်းသည် စက်တင်ဘာ ၂၇ ရက်နေ့ မွန်လွဲပိုင်းခန့်က ဆိုင်ကယ်ဖြင့် နေအိမ်မှ ကျေးရွာအတွင်းသို့ သွားနေစဉ် အမည်မသိသေနတ်သမားနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသာစိုင်းသည် နံကြားကျည်ဒဏ်ရာရရှိပြီး သထုံဆေးရုံသို့ ပို့ဆောင်ဆေးကုသခဲ့ရာ ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

“ဆေးရုံရောက်ပြီးမှ သေဆုံးသွားတယ်လို့ သိရတယ်၊ အဲဖြစ်စဉ် ဖြစ်ပြီးတော့ ရွာကို စစ်သားတွေ ရဲတွေ ရောက်လာပြီးတော့ မေးမြန်း စစ်ဆေးမှုတွေ လုပ်သွားတယ်” ဟု သထုံဒေသခံတစ်ဦးက ပြောသည်။

ဇွန်လကလည်း သထုံမြို့နယ် နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းကို အမည်မသိသေနတ်သမားတို့က နေအိမ်တွင် လာရောက် ပစ်သတ်သွားခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

၎င်းပြင်း ဇူလိုင်လအတွင်းက ဒူးရင်းဆိပ်ကျေးရွာအုပ်စု သမ္ဘာန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းနှင့် မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ရွှေတို့ကိုလည်း အမည်မသိသေနတ်သမားတို့က နေအိမ်တွင် လာရောက် ပစ်သတ်သွားခဲ့သည်။

သထုံမြို့နယ်အတွင်း၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပစ်သတ်ခံရမှူး ဆက်တိုက်ဖြစ်ပွားလာသည့်နောက်ပိုင်းတွင် ကျေးရွာအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့မှ စစ်ဆေးမှုများ ပိုမိုတင်းကြပ်စွာ ပြုလုပ်လာသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများ ပစ်သတ်ခံရသည့်ဖြစ်စဉ်များ ဆက်တိုက် ရှိလာခဲ့သည်။