မြိတ် ရော်ဘာ ရာသီအဖွင့်ဈေး မြင့်

0
344

မြိတ်မြို့တွင် ရော်ဘာ ရာသီအဖွင့်ဈေးနှုန်းများမှာ ယခင်နှစ် ရာသီအဖွင့်ထက် တစ်ပိဿာလျှင် ကျပ်တစ်ထောင်နီးပါးခန့်အထိ မြင့်တက်ခဲ့ကြောင်း ယင်းဈေးကွက်အသိုင်းအဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ရာသီအဖွင့်တွင် ရော်ဘာမှိုင်းခံအဆင့် (၃)၊ အစေးရည် (DRC 100%) နှင့် ခွက်လုံး/ခွက်ခဲ ( DRC 100%) ၂၇၀၀ ကျပ်နှုန်း၊ ခွက်လုံး/ခွက်ခဲ (အသန်.) DRC( 100%) ၂၇၅၀ ကျပ်၊ ၊ အစေးခဲ/အစေးရည်ခဲ ( DRC 100%) ၂၆၀၀ ကျပ်နှင့် ဆွဲဖတ်/ခွက်ကပ် (အခြောက်) ၁၃၀၀ ကျပ် ရရှိခဲ့ကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူအချို့မှ သိရသည်။

ယခုနှစ် ရာသီအဖွင့် စက်တင်ဘာလအတွင်း ရော်ဘာမှိုင်းခံအဆင့် (၃)၊ နေလှန်းပြား ခေါင်းဝိုင်း၊အစေးရည် DRC(100%)၊ ခွက်လုံး၊ ခွက်ခဲ (အသန့်) DRC (100%) တစ်ပိဿာလျှင် ၃၅၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့သည်။

ထို့ပြင် နေလှန်းပြား ၃၄၀၀ ကျပ်၊ ခွက်လုံး၊ ခွက်ခဲ (DRC 100%) ၃၄၅၀ ကျပ်၊ အစေးခဲ/အစေးရည်ခဲ ၃၃၅၀ ကျပ် (DRC 100%) နှင့် ဆွဲဖတ်/ခွက်ကပ်/ ဂေါ်လီချေး (အခြောက်) ၁၄၀၀ ကျပ်ရှိနေကြောင်း ရော်ဘာဈေးကွက်အတွင်းမှ သိရသည်။

ရော်ဘာဈေးနှုန်းတို့မှာ တစ်ပိဿာလျှင် အနည်းဆုံး ကျပ်တစ်ရာမှ အများဆုံး ရှစ်ရာကျပ်အထိ ဈေးမြင့်တက်ခဲ့ခြင်းဖြစ်သည်။

“နောက်လမှစပြီး ရော်ဘာတွေ စရောင်းကြတာ” ဟု မြိတ်မြိုနယ် ရွှေဒူးကျေးရွာနေ ရာဘာခြံ ၁၀ ဧကကျော်ခန့် စိုက်ပျိုးနေသူ ဦးကျော်နိုင်က ပြောသည်။

ရော်ဘာဈေးကောင်းလျှင် အလုပ်သမားများသည့် ရော်ဘာခြံလုပ်ငန်းရှင်ကြီးများနှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်နေသူတို့၏ ကုန်ကျစရိတ်များကာမီပြီး အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း ဦးကျော်နိုင်က ပြောပြသည်။

ရော်ဘာရာသီအဖွင့် ဈေးမြင့်သော်လည်း နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ဈေးအတက်အကျ ကြုံတွေ့ရလေ့ရှိကြောင်း ဦးကျော်နိုင်က ပြောပြသည်။

ရော်ဘာများအား သီတင်းကျွတ်ကာလပြီးနောက် အောက်တိုဘာလမှစပြီး အစေးထုတ်ယူ ရောင်းချလေ့ရှိကြောင်း သိရသည်။