ထားဝယ်အောက်ဆီဂျင်စက်ရုံ မနက်ဖြန် ပြန်လည်ပတ်မည် ဟုဆို

0
165
ထားဝယ်အောက်ဆီဂျင်စက်ရုံအား ပြီးခဲ့သည့်လက တွေ့ရစဉ်/Dawei Watch

ထားဝယ်မြို့ရှိ အောက်ဆီဂျင်စက်ရုံအား မနက်ဖြန်ပြန်လည် လည်ပတ်နိုင်ရန် မျှော်မှန်းထားကြောင်း ယင်းစက်ရုံတွင် ဦးဆောင်ပြီး ကူညီလုပ်ကိုင်ပေးနေသူတစ်ဦးက ပြောသည်။

တိုင်းစစ်ကောင်စီ၏ အစီအစဉ်ဖြင့် တည်ဆောက်ထားသည့် အဆိုပါ အောက်ဆီဂျင်စက်အား မွမ်းမံပြင်ဆင်နိုင်ရန် ပြီးခဲ့သည့်အပတ်က ယာယီရပ်နားထားရာမှ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြန်လည်ပတ်နိုင်ရန် လုပ်ဆောင်နေကြောင်း ယင်းအမျိုးသားက ဆိုသည်။

ယခင်က အဆိုပါအောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် ၄၀ လီတာအောက်ဆီဂျင်အိုး ၁၆၅ လုံးခန့်ထုတ်လုပ်နေရာမှ စက်ပိုင်းဆိုင်ရာ မွမ်းမံမှုအချို့ လုပ်ဆောင်နိုင်ရန် ယင်းကဲ့သို့ ယာယီရပ်နားထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“လေဖိသိပ်တဲ့ကိရိယာ (ကွန်ဖရက်ဆာ)ကို ပြန်ပြုပြင်ပေးရတာ၊ ပိုပြီးအထွက်များလာအောင်လုပ်တာ။ မူလထွက်နေတဲ့ ကွန်ဖရက်ဆာထက် နည်းနည်းကောင်းတဲ့ဟာကို ပြန်လဲတဲ့သဘောရှိတယ်” ဟု ယင်းအမျိုးသားက ဆိုသည်။

လက်ရှိ ပြုပြင်နေဆဲကာလတွင် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် မြိတ်မြို့ရှိ အောက်ဆီဂျင်စက်ရုံတွင် သွားရောက်ဖြည့်တင်းပြီး ပြန်လည်ဖြန့်ဖြူးနေကြောင်း ၎င်းက ပြောသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံမှ ထားဝယ်ဒေသရှိ ဆေးရုံများနှင့် နေအိမ်လူနာများကို အောက်ဆီဂျင် အခမဲ့ဖြည့်ပေးနေ ခြင်းဖြစ်သည်။

ထားဝယ်ဒေသတွင် အဆိုပါ အောက်ဆီဂျင်စက်ရုံအပြင် အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်စက်ရုံတွင် ၂၀ လီတာနှင့်အောက် အောက်ဆီဂျင်အိုးများကို ဖြည့်ပေးနေသည်။

ယင်းအပြင် ထားဝယ်ဆေးရုံကြီးတွင်လည်း ပြင်ပအလှူရှင်တစ်ဦး လှူဒါန်းထားသည့် အောက်ဆီဂျင်စက်မှ တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၇၀ ထုတ်လုပ်ပေးလျက်ရှိသည်။