လောင်းလုံး ကမြောကင်း အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့ ဗုံးပေါက်၊ ကလေးတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

0
241
ဓာတ်ပုံ - စက်တင်ဘာ ၂၁ ရက်နေ့ သောကြာပြင် ကျေးရွာ ပေါက်ကွဲမှုကြောင့် သေဆုံးသူ၊ဒါဏ်ရာရသူ/ဇမ္ဗူသီရိ လူမှုကူညီရေးအသင်း(ထားဝယ်)

ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာအုပ်စု၊ သောကြာပြင်ကျေးရွာရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့တွင် ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက် ၁၃ နှစ် အရွယ် ကလေးတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းမင်း၏ နေအိမ်ရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မိစု ဒဏ်ရာရကာ တူမဖြစ်သူ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

သောကြာပြင်ကျေးရွာမှာ ထားဝယ်-မောင်းမကန်လမ်းပေါ်တွင် တည်ရှိပြီး ထားဝယ်မြို့မှ သုံးမိုင်ကျော် ကွာဝေးသည်။

သောကြာပြင်ကျေးရွာ ဆင်ဘုရားရပ်ရှိ နေအိမ်တွင် နံနက် ခြောက်နာရီဝန်းကျင်ခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းပေါက်ကွဲမှုအသံကြောင့် အနီးဝန်းကျင်ရှိ နေအိမ်များပင်တုန်ခါသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ကြမ်း‌တာက တော်တော်ကြမ်းတယ်။ ကျွန်မတောင် လန့်နိုးသွားတယ် ခုထိ နှလုံးတုန်နေတုန်း”ဟု ယင်းပေါက်ကွဲမှု ဖြစ်တဲ့နေရာအနီး နေသူတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းမှာ နေအိမ်တွင်မရှိဘဲ ခရီးထွက်နေသည်ဟုသိရသည်။

ကမြောကင်းကျေးရွာအုပ်စု အခြား အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးမှာလည်း ပြီးခဲ့သည့် လပိုင်းအတွင်းက သောကြာပြင်ကျေးရွာရှိ သူ၏နေအိမ်ရှေ့တွင် ပစ်သတ်ခံခဲ့ရဖူးသည်။

နေစဉ်နီးပါး အာဏာရှင် ဆန့်ကျင်ရေး သပိတ်ရှိနေသော လောင်းလုံးမြို့နယ်အတွင်း ပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ဓာတ်ပုံ – စက်တင်ဘာ ၂၁ ရက်နေ့ သောကြာပြင် ကျေးရွာ ပေါက်ကွဲမှုကြောင့် သေဆုံးသူ၊ဒါဏ်ရာရသူ/ဇမ္ဗူသီရိ လူမှုကူညီရေးအသင်း(ထားဝယ်)