သရက်ချောင်း သဲချောင်းကြီး ရဲစခန်းကို PDF ဝင်စီးရှာဖွေ

0
380
ပုံစာ - ဒေါင်းမင်းစစ်ဆင်ရေး အဖွဲ့က သိမ်းဆည်းခဲ့သော ရဲမှတ်တမ်း စာရွက်စာတမ်းများ/ဒေါင်းမင်းစစ်ဆင်ရေး လူမှုကွန်ယက်စာမျက်နှာ

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် သဲချောင်းကြီးရဲစခန်းကို စက်တင်ဘာ ၁၀ ရက် နေ့လယ် ၁၀ နာရီခွဲခန့်က ဝင်‌ရောက်ရှာဖွေစီးနင်းခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေး(TYC-PDF) က သတင်းထုတ်ပြန်ထားသည်။

သဲချောင်းကြီးရဲစခန်းမှာ စစ်တပ်များ အဓိကထား စခန်းချသည့်နေရာဖြစ်သောကြောင့် စခန်းကို ဝင်ရောက်ရှာဖွေစီးနင်းခဲ့ခြင်းဖြစ်ပြီး စခန်းတွင် စစ်တပ်များ မရှိဘဲ၊ ပန်းရံလုပ်နေသူများသာရှိကြောင်း အထက်ပါအဖွဲ့ခေါင်းဆောင်တစ်ဦးက ဆိုသည်။

“ရုံးခန်းထဲ ဝင်ကြည့်တာတော့ လူနေထိုင်ထားတာရှိတယ်၊ နောက်ပြီး ဖဲဝိုင်းတဝိုင်းရှိတယ်၊ ထမင်းတွေချက်ထားတာရှိတယ်၊ ကျွန်တော်တို့ ဝင်စီးချိန်မှာတော့ သူတို့တွေထွက်ပြေး‌သွားတာပေါ့၊ ကျွန်တော်တို့က သေနတ်ပစ်ဖောက်ပြီး ဝင်တာကိုး” ဟု ၎င်းက ပြောသည်။

ရဲစခန်းတွင် တပ်ဖွဲ့ဝင်များ မရှိသော်လည်း ရဲမှတ်တမ်း စာရွက်စာတမ်းများကို သိမ်းဆည်းခဲ့ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် တပ်ကောင်စီခန့် သဲချောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မိုးနှင့် ဦးမင်းထွေးမှာ သတင်းရသဖြင့် ကြိုရှောင်သွားသည့်အနေအထားရှိပြီး ၎င်းတို့၏ နေအိမ်များကို ဝင်ရောက်ရှာဖွေရာ တူမီးသေနတ်တစ်လက်နှင့် ဓားနှစ်လက်သိမ်းဆည်းရကြောင်း ယင်းအဖွဲ့ထံက သိရသည်။

တောင်ပျောက်တိုက်နယ်တွင် စစ်တပ်များ စက်တင်ဘာ ၁၀ ရက်နေ့တည်းက တပ်ဆုတ်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ – ဒေါင်းမင်းစစ်ဆင်ရေး အဖွဲ့က သိမ်းဆည်းခဲ့သော ရဲမှတ်တမ်း စာရွက်စာတမ်းများ/ဒေါင်းမင်းစစ်ဆင်ရေး လူမှုကွန်ယက်စာမျက်နှာ