မွန်တွင် ပေါက်ကွဲမှု ဆက်တိုက်ဖြစ်

0
184
Dawei Watch, Dawei News, Dawei News Media

အမျိုးသားညိညွတ်ရေးအစိုးရ (NUG) မှ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာလိုက်ပြိးနောက် မွန်ပြည်နယ်အတွင်း၌ ပေါက်ကွဲမှုဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

NUG အစိုးရ၏ အရေးပေါ်အခြေအနေကြေညာလိုက်သည့် စက်တင်ဘာ ၇ ရက်နေ့နောက်ပိုင်းတွင် စစ်တပ်ကလည်း တစ်ပြည်နယ်လုံးကို လုံခြုံရေး ပိုမိုတင်းကြပ်ထားလိုက်သည်။

ထိုကဲ့သို့ လုံခြုံရေး ပိုမိုတင်းကြပ်ထားသည့်ကြား၌ပင် စက်တင်ဘာ ၁၀ ရက်နေ့ ည ၁၀ နာရိခန့်က သထုံမြို့ပေါ်တွင် ဗုံးဟုယူဆရသည့် ပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့သည်။

“အသံတော့ ကြားရတယ်၊ ဗုံးလား ဘာလားတော့ မသိဘူး၊ ထိခိုက်ဒဏ်ရာရတာတွေ မရှိဘူးလို့တော့ သိရတယ်” ဟု သထုံမြို့ခံတစ်ဦးက ပြောသည်။

သထုံမြို့ပေါ်တွင် NUG အစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာလိုက်သည့်နောက် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း ယခုဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တို့က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

ထိုအတူ စက်တင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းခန့်ကလည်း ရေးမြို့ မြို့မရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ရေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမူ ရေးမြို့မရဲစခန်းကို ၎င်းတို့အဖွဲ့ ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၎င်းပြင် စက်တင်ဘာ ၈ ရက်နေ့က ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးနှင့် စက်တင်ဘာ ၇ ရက်နေ့ညက ကျိုက်မရောမြို့ အထက်တန်းကျောင်းအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားလာခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။