သရက်ချောင်း တောင်ပျောက်တိုက်နယ် တိုက်ပွဲငယ်

0
306

ထားဝယ်ဒေသ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် ယနေ့နံနက် ၉ နာရီခန့်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်တပ်တို့အကြား တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့သည်။

တောင်ပျောက်တိုက်နယ်၊ အနောက်ဘက်ကမ်းကို စစ်ကြောင်းထိုးဝင်လာသည့် တပ်ကောင်စီစစ်ကြောင်းကို PDF ပျောက်ကျားတပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ မျက်မြင်တစ်ဦးက ပြောကြားသည်။


“တိုက်ပွဲငယ်ပဲပေါ့ ပျောက်ကျားပစ်တာ။ လေးငါးဆယ်ချက်လောက်ပဲ ပစ်ကြတာ” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် တောင်ပျောက်တိုက်နယ်အတွင်းရှိ သဲချောင်းကြီးကျေးရွာ၊ အလယ်စု၊ ကျောက်အိုင်စသည့်ကျေးရွာများတွင် စစ်ကြောင်းထိုးထားဆဲဖြစ်ပြီး တိုက်ပွဲဆက်ဖြစ်မည့်အနေအထားရှိကြောင်း ၎င်းက ပြောသည်။

တောင်ပျောက်အနောက်ဘက်ကမ်းရွာထဲကို စစ်ကြောင်းထိုးထားသည့် စစ်တပ်ဖွဲ့မှာ အင်အားသုံးဆယ်ခန့်ရှိမည်ဟု ခန့်မှန်းရပြီး လမ်းတွင်လည်း ကင်းပုန်းများ ချထားသည်ဟု သတင်းရထားကြောင်း ၎င်းက ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူများရှိ၊ မရှိ မသိရသေးသော်လည်း ရွာသားတစ်ဦး၏ နေအိမ်မီးရှို့ခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။


တောင်ပျောက်တိုက်နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF များနေထိုင်ကြောင်း သတင်းရသဖြင့် စစ်ကြောင်းထိုးမည့်အနေအထားရှိနေပြီး တောင်ပျောက်တိုက်နယ်တွင် စစ်တပ်အင်အား ၂၀၀ နီးပါးခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း ဒေသခံတို့က ဆိုသည်။

တောင်ပျောက်တိုက်နယ်သည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) နှင့် စစ်တပ်တို့၏ နယ်ခြားဒေသဖြစ်သည်။ အများအားဖြင့် ကရင်နှင့် ထားဝယ်လူမျိုးများ နေထိုင်သော ရွာများ ရှိသည်။ ထားဝယ်မြို့မှ တောင်ဘက် မိုင် ၅၀ ခန့် အကွာတွင် တည်ရှိသည်။