KNU တပ်မဟာ ၄ နယ်မြေအတွင်း နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွား

0
619

KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ တစ်ခုဖြစ်သည့် မြိတ်ခရိုင် ပုလောမြို့နယ် ပန္နဲတောင်ကျေးရွာအနီးတွင် စစ်တပ်နှင့် KNU တို့ ယနေ့နံနက်ပိုင်းက နှစ်ဖက် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်တပ်ဘက်က အင်အား ၁၅၀ ခန့်ဖြင့် ပိန္နဲတောင်ကျေးရွာနှင့် ဒူရင်းပင်ရှောင်ရွာ တို့ဘက်ကနေ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး KNU ထိန်ချုပ်နယ်မြေအတွင်း ယနေ့ နံနက် ၇ နာရီ ခန့်တွင် ဝင်ရောက်လာကြောင်း သိရသည်။

ယခု နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ ပုလောမြို့မှ အရှေ့ဘက် ခြောက်မိုင်ခန့်အကွာတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။

“နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်တယ်။ စစ်တပ်ဘက်က ဗုံးသီး၊ လောင်ခြာသုံးတယ်။ စက်သေနတ်သုံးပြီး ပစ်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားပြီး နံနက် ၈ နာရီကျော်အချိန်တွင် စစ်တပ်သည် ပိန္နဲတောင်နှင့် ဒုရင်းပင်ရှောင်ရွာ ဘက်သို့ ပြန်ဆုတ်သွားကြောင်း ၎င်းကဆိုသည်။ ယင်းကျေးရွာများသည် ထားဝယ်-မြိတ်လမ်းပေါ်ရှိ ပုလောမြို့မှ ၆ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ပိန္နဲတောင်နှင့် ဒူရင်းပင်ရှောင်ကျေးရွာအနီးအတွင် KNU တပ်မဟာ ၄ တပ်ရင်း ၇ တပ်ခွဲ ၂ က အခြေစိုက်ရာ ဒေသဖြစ်သည်။

ယင်း ပစ်ခတ်မှုတွင် နှစ်ဖက်ထိခိုက်မှု အခြေအနေကို မသိရသေးပေ။

အနီးနားရှိ ဒေသခံ ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

လက်နက်ကြီး ပစ်ခတ်သံများကို ပုလောမြို့ပေါ်ကပင် ကြားနေရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
ကျောက်နိမ့်၊ နန်းတောင်ဘက်က ဒေသခံများ ပုလောမြို့ပေါ်သို့ ထွက်ပြေးလာနေသည်ကိုလည်း တွေ့ရသည်ဟုဆိုသည်။

ပုံစာ- နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားသည့် ခန့်မှန်းနေရာ