ကော့သောင်းတွင် ရွေ့လျားပုံစံဖြင့် ကိုဗစ်ရောဂါ စစ်

0
184
ကော့သောင်းတွင် ရွေ့လျားပုံစံဖြင့် ကိုဗစ်ရောဂါ စစ်

နယ်စပ်မြို့ဖြစ်သည့်အတွက်ကြောင့် အထူးအစီအစဉ် အနေဖြင့် ကော့သောင်းမြို့တွင် ရွေ့လျားစနစ်ဖြင့် စက်တင်ဘာလ ၁ ရက်မှစပြီး ကိုဗစ်ရောဂါပိုး စစ်ဆေးပေးနေကြောင်း သိရသည်။

ကိုဗစ်ရောဂါအဖြစ်များသည့် ရပ်ကွက်များထံသို့ မော်တော်ယာဉ်ဖြင့်သွားရောက်ပြီး စစ်ဆေးပေးခြင်းဖြစ်ကြောင်း ကော့သောင်းဆေးရုံအုပ် ဒေါက်တာ လင်းထိုက်ကပြောသည်။

တစ်ပတ်ခန့်အကြာ စစ်ဆေးပေးမည့် ယင်းအစီအစဉ်မှ လူပေါင်းသုံးထောင်ခန့်ကို စစ်ဆေးပေးရန် လျာထားကြောင်း ဒေါက်တာလင်းထိုက်က ပြောသည်။

“တစ်နေ့ကို အများကြီးတော့ မစစ်နိုင်ဘူး။ ရာသီဥတုအနေအထားကလည်းရှိသေးတယ်။ ပြီးတော့ တစ်ဖက်မှာ ကိုဗစ်ကာကွယ်ဆေးကလဲ ထိုးနေရသေးတယ်ဆိုတော့လေ” ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ ရွေ့လျားပုံစံဖြင့် စစ်ဆေးခြင်းကို အခမဲ့ပြုလုပ်ပေးခြင်းဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူများအား ကိုဗစ်လူနာထားရှိသည့် စင်တာများသို့ ခေါ်ယူထားရှိကုသရမည်ဖြစ်ကြောင်း ဆိုသည်။

ကျန်းမာရေးဌာန၏ စက်တင်ဘာလ ၂ ရက်အထိစာရင်းအရ ကော့သောင်းမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ တစ်ထောင်ကျော်ရှိပြီး လက်ရှိ ဆေးကုသမှုခံယူနေသူ ၆၄ ဦးရှိကြောင်းသိရသည်။