မြိတ်တွင် လုယက်မှု၊ လိမ်လည်မှု ဆက်တိုက်ဖြစ်

0
223

မြိတ်မြို့တွင် နေ့ခင်းကြောင်တောင် လုယက်မှုနှင့် လိမ်လည်မှုများ ဆက်တိုက် ဖြစ်လာနေကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ် ၃ နာရီခန့်က မြို့သစ်ရပ်ကွက်သို့ အမည်မသိလူငယ်တစ်ဉီး ဆိုင်ကယ်ဖြင့် ရောက်လာပြီး အိမ်တစ်ဆောင်အား မေးမြန်းခဲ့သည်။

အိမ်ရှင်ဖြစ်သူမှ အိမ်ရှေ့ထွက်ပြီး အဆိုပါအိမ်အား ညွှန်ပြစဉ် ၎င်းလူငယ်မှ အိမ်ရှင်ဝတ်ဆင်ထားသည့် တစ်ကျပ်သား ဆွဲကြိုးအား ဆွဲဖြတ်ပြီးလုယူကာ ဆိုင်ကယ်မောင်း ထွက်ပြေးသွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် လအတွင်းကလည်း ယင်းရပ်ကွက်အတွင်း၌ပင် ဆွဲကြိုးဆွဲထားသည့် အမျိုးသမီးငယ်အနီးသို့ ဆိုင်ကယ်ဖြင့် လူငယ်တစ်ဦးရောက်လာပြီး အလားတူ မေးမြန်းဟန်ပြုကာ ဆွဲကြိုးလုကာ ထွက်ပြေးသွားခဲ့သည်။

သြဂုတ်လ ၃၀ ရက်နေ့ကလည်း ကလွင်ရေပုန်းမြို့ပတ်လမ်းရှိ Wave Money ငွေလွှဲလုပ်ကိုင်နေသည့် နေအိမ်အား လူငယ်တစ်ဦး ရောက်လာပြီး သူသည် ပရဟိတအသင်းမှဖြစ်ပြီး ယင်းအိမ်ရှင်ဆရာဝန်မှ ငွေအကြွေလိုအပ်နေသဖြင့် လဲလှယ်ပေးမည်ဟုပြောဆိုခဲ့သည်။

ဆရာဝန်သည် ယင်းအချိန်တွင် နေအိမ်တွင် မရှိဘဲ လုပ်ငန်းခွင်အတွင်း ရောက်ရှိနေချိန်ဖြစ်သည်။

ယင်းနောက် ၎င်းနှင့်အတူရုံးတွင် လိုက်ယူရန် ယင်းအိမ်ရှိ အမျိုးသမီးငယ် တစ်ဦးအား ဆိုင်ကယ်ဖြင့်ခေါ်ခဲ့ပြီး ဘာသာစုံသုသန်ရှိ ပရဟိတအသင်းအနီးရောက်သောအခါ ငွေတစ်သိန်းကျော်တောင်း ယူပြီး ပြန်ပေါ်မလာတော့ဟု သိရသည်။

ယင်းအပြင် သြဂုတ်လ ၂၈ ရက်နေ့ကလည်း မြိတ်အဝေးပြေးကားဝင်းအနီး အသက် လေးဆယ်ကျော် လူတစ်ဦးအား သတ်ဖြတ်ကာ ပစ္စည်းအလုခံခဲ့ရကြောင်း အသတ်ခံရသူ၏ မိသားစုဝင်တစ်ဉီးက လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် ရေးသားထားသည်။

သို့သော် မည်သည့်ပစ္စည်းအား လုယူခဲ့သည်ကိုမူ ၎င်းကရေးသား ထားခြင်းမရှိသလို အသတ်ခံရသည့် အကြောင်းအရင်းကိုလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လုယက်မှု လိမ်လည်မှုများနှင့် ပတ်သက်ပြီး ကာယကံရှင်တို့ကမူ ရဲစခန်းသို့ တိုင်ကြားမှု အများအားဖြင့် မရှိကြကြောင်း ၎င်းတို့ကဆိုသည်။

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးပဋိပက္ခကာလအတွင်း အလုပ်လက်မဲ့ ပြဿနာက အခြေခံလူတန်းစားအတွင်း တရိရိ တိုက်စားလျက်ရှိသည်။

တပြိုင်နက်တည်းတွင် ဒုစရိုက်မှုများ မြင့််တက်လာနိုင်သည့်အတွက် ပြည်သူများ အစစအရာရာ ဂရုစိုက် သွားလာနေထိုင် ကြရန် မြို့ခံတစ်ဦးက သတိပေးပြောဆိုသည်။

“အလုပ်အကိုင်မရှိ စားဖို့မရှိရင် လူတွေက ခိုးလာ လုလာ၊ လိမ်လာ ကြတော့မယ်။ ဘယ်သူမှလည်း ငတ်ပြီးအသေခံကြမှာ မဟုတ်ဘူး။ မရှိလို့ ရိုးရိုးသားသား တောင်းစားတဲ့ လူကအတော်နည်းတယ်”