ရွှေတံဆိပ်ဆုရှင် နိုင်ငံလက်ရွေးစင် ဘောလုံးသမားဟောင်း ဦးစိန်ဝင်း ကွယ်လွန်

0
379

နိုင်ငံတကာ ရွှေတံဆိပ်ဆုရှင်လည်းဖြစ်၊ မြန်မာ့ဘောလုံးအသင်းရွှေခေတ်က နိုင်ငံ့လက်ရွေးစင်အားကစားသမားတစ်ဦးဖြစ်သူ ဦးစိန်ဝင်း ကွယ်လွန်သွားပြီဖြစ်သည်။

ထားဝယ်မြို့ ကရပ်ပြင်ရပ်ကွက်ရှိ နေအိမ်မှာပင် ယနေ့ ဩဂုတ်လ ၃၁ ရက်က ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။

ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်အရွယ် ဦးစိန်ဝင်းသည် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း တူတော်စပ်သူတစ်ဦးက ပြောသည်။

“နေမကောင်းဖြစ်နေတာတော့ တစ်ပတ်လောက်ဖြစ်နေပြီ။ ကိုဗစ်ရောဂါစစ်ဆေးတော့လည်း ပိုးမတွေ့ဘူး။ ကြားထဲမှာ ဝမ်းလျှောတာဖြစ်ပြီးတဲ့နောက် အားပြတ်သွားတယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်သား ဦးစိန်းဝင်သည် ၁၉၇၀ ခုနစ်မှစပြီး နောက်တန်းခံစစ်မှူးအဖြစ် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွင် စတင်ပါဝင်ကစားခဲ့သည်။

သူပါဝင်ကစားခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ၁၉၇၁ ခုနှစ်တွင် အာရှအမြင့်ဆုံး
ဆုဖလားသုံးခုကို တစ်နှစ်တည်း ဆွတ်ခူးနိုင်ခဲ့သည်။

ယင်းဆုဖလားများမှာ ဂျာကာတာဖလား၊ တောင်ကိုးရီးယား ပတ်ချုံဟီးဖလား၊ မလေးရှားမာဒေးကားဖလားတို့ဖြစ်သည်။

တောင်းကိုးရီးယားပတ်ချုံဟီးဖလားကို ၁၉၇၁၊ ၁၉၇၂ ခုနှစ်တွင် ဦးစိန်ဝင်းတို့၏ မြန်မာ့လက်ရွေးစင်အသင်းက ၂ နှစ်ဆက် ဆွတ်ခူးခဲ့ပြီး ၁၉၇၃ ခုနစ်တွင်မူ ကမ္ဘေားဒီးယားအသင်းနှင့် ပူးတွဲရရှိခဲ့သည်။

၆ နှစ်တာ လက်ရွေးစင်အားကစားသမားဘဝဖြင့် သူတစ်ဦးတည်း သီးခြားရှိခဲ့သည့် ဆုတံဆိပ်များမှာ နိုင်ငံတကာအဆင့် ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၂ ခု ရရှိခဲ့သည်။

တချိန်က နိုင်ငံအတွက် ဆုဖလားများ၊ ဆုတံဆိပ်များကို ဆွတ်ခူးပေးခဲ့သော လက်ရွေးစင်ကစားသမားကြီး ကွယ်လွန်ချိန်တွင်မူ ကိုဗစ်ရောဂါဖြစ်ပွားနေသဖြင့်  မထင်မရှားအသွင်ဖြင့် နေချင်းပြီး သဂြိုဟ်ခဲ့ရသည်။

ဦးစိန်ဝင်း၏ ဘောလုံးသမားဘဝအကြောင်းကို “ဘုရားကြီးထဲက အိုဘားမား” ဆိုသည့် ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို Dawei Watch က ရေးသားဖော်ပြခဲ့ဖူးသည်။

ထိုဆောင်းပါးအား အောက်တွင် ဖော်ပြပေးလိုက်ပါသည်။ 

http://www.daweiwatch.com/2021/08/31/fiction/35896/