မွန်တွင် ကိုဗစ်ကြောင့် သေဆုံးသူ တစ်ထောင် ကျော်

0
544
မွန်တွင် ကိုဗစ်ကြောင့် သေဆုံးသူ တစ်ထောင် ကျော်

မွန်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက် တစ်ထောင်ကျော် အထိရှိလာသည်ဟု ပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီး ကိုဗစ်ကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက်လည်း မြင့်တက်လာခဲ့သည်။

ပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်သည့်စာရင်းများအရ ဇွန်လမှ သြဂုတ်လ ၃၀ ရက်နေ့အထိ မွန်ပြည်နယ်အတွင်း၌ ကိုဗစ်အတည်ပြုလူနာ တစ်ထောင်ဦးကျော် သေဆုံးသွားခဲ့သည်။

“ဇွန်လကနဲ့စာရင် ဒီလ(သြဂုတ်)မှာတော့ ကျလာပါတယ်။ ဒါပေမယ့်လည်း တချို့မြို့နယ်တွေမှာတော့ ကူးစက်မှုရော သေဆုံးမှုရော များနေဆဲပဲ။ မပေါ့ဆကြဖို့လိုတယ်” ဟု မြို့နယ်တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။

ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်သေဆုံးလူနာ အရေအတွက်သည် ဆေးရုံတွင် တက်ရောက်ဆေးကုသရင်း သေဆုံးသွားသူများစာရင်းသာဖြစ်ပြီး နေအိမ်တွင် သေဆုံးသွားသူများစာရင်းပါ ပေါင်းလိုက်ပါက သေဆုံးလူနာသည် ထုတ်ပြန်ထားသည့်အရေအတွက်ထက် များနိုင်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“အိမ်မှာ ကုနေရင်းနဲ့ သေဆုံးသွားတဲ့ လူနာတွေလည်း အများကြီးပါပဲ။ ဆိုတော့ သေဆုံးစာရင်းကတော့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတာထက် အများကြီးများနိုင်ပါတယ်” ဟု ကိုဗစ်နှင့် ပတ်သက်ပြီး ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ဇူလိုင်လအတွင်းတွင် တစ်ရက်လျှင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ အထက်ရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့၏ ထံမှ သိရသည်။

ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolative Ward-3, Isolative Ward-1 နှင့် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်တို့အပြင် မြို့နယ်အသီးသီးတို့တွင်လည်း ဆေးကုသပေးနေသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။