မြိတ်တွင်ကိုဗစ်ကြောင့် သေဆုံးမှုလျော့ကျ

0
170
ဂရုဏာနာရေးကူညီမှုအသင်း

မြိတ်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးမှုလျော့ကျလာကြောင်း နာရေးကူညီမှုပရဟိတအသင်းများ ထံမှ သိရသည်။

မြိတ်မြို့တွင် သြဂုတ်လ‌အစောပိုင်းကသေဆုံးမှုမြင့်တက်ခဲ့သော်လည်း လက်ရှိတွင် သိသိသာသာ လျော့ကျလာသည်ဟု နာရေးကူညီနေသည့် ပရဟိတအသင်းတာဝန်ရှိသူများက ပြောသည်။

“အခုက သိသိသာသာ လျော့ကျလာတာ သုံးရက်လောက်တော့ ရှိပြီပေါ့”ဟု ဂရုဏာနာရေးကူညီမှုအသင်းမှ ကိုထိုက် ကပြောသည်။

မြိတ်မြို့တွင် ဇူလိုင်လအထိ ပိုးတွေ့လူနာ သေဆုံးမှု တစ်နေ့လျှင် သုံးဦးခန့်သာရှိခဲ့ရာမှ သြဂုတ်လအစောပိုင်းတွင် သေဆုံးသူ ဆယ်ဂဏန်းအထိမြင့်တက်လာခဲ့သည်။

အဆိုပါ အရေအတွက်မှာ ဆေးရုံနှင့်နေအိမ်များတွင် သေဆုံးသည့် ပမာဏဖြစ်သည်။

လက်ရှိတွင်မူ သေဆုံးမှု ထက်ဝက်နီးပါး လျော့ကျ ကြောင်း ၎င်းတို့ထံမှ သိရသည်။

“မနေ့ကဆို ဆေးရုံရော ရပ်ကွက်ပါပေါင်းမှ ခြောက်ဉီးပဲရှိတော့တယ်”ဟု ကိုထိုက် ကပြောသည်။

မြိတ်မြို့တွင် သြဂုတ်လ ၂၁ ရက်နေ့မှစပြီး ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ရန် အိမ်ထောင်စုတစ်စုလျှင် တစ်ယောက်နှုန်းသာ ထွက်ခွာသွားလာခွင့် ကတ်ပြား ထုတ်ပေးထားသည်။

ထို့အပြင် ဩဂုတ်လ ၂၉ ရက်မှစပြီး လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်ရောဂါပိုးရှိ မရှိကို အခမဲ့စစ်ဆေးပေးနေကြောင်း သိရသည်။

မြိတ်မြို့ရှိနေရာလေးခုဖြစ်သည့် မြိတ်တောင်ကျေးရွာ အောင်သုခရပ်မီးသတ်ရုံး၊တရုတ်တန်းရပ်ဓမ္မရတနာဘုန်းတော်ကြီးကျောင်း၊မြိတ်တောင်မြို့မ(၁)ရပ် စာသင်ကျောင်းနှင့် ဘုရားကိုင်ရပ် စာသင်ကျောင်းတို့တွင်လည်း ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့က  အခမဲ့စစ်ဆေးပေး‌နေကြောင်း ပြည်သူများ ထံမှသိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သြဂုတ်လ ၃၀ ရက်နေ့အထိ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ မြိတ်မြို့နယ်တွင် ၁၆၀ ဉီး၊ထားဝယ်မြို့နယ်တွင် ၁၃၂ ဉီး၊
ကော့သောင်းမြို့နယ်တွင် ၇၆ ဉီး၊ပုလောမြို့နယ် ၃၀ ဉီး၊ဘုတ်ပြင်း ၁၁ ဉီး၊တနင်္သာရီနှင့်ကျွန်းစုတွင် သေဆုံးသူ ၉ ဉီးစီ ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓါတ်ပုံ-ကိုထိုက်ငယ်(ဂရုဏာနာရေးကူညီမှုအသင်း)