ကလိန်အောင် အနီးနားကျေးရွာအချို့တွင် စစ်တပ်က နေရာယူထား

0
262
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့အပါအဝင် အနီးနားကျေးရွာများဖြစ်သည့် ကျေးဇူးတော်ကျေးရွာ၊ နှမ်းကြဲရွာ ကားလမ်းမတလျှောက်တွင် နေရာယူထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဩဂုတ်လ ၂၃ ရက် ညနေပိုင်းမှစပြီး ယင်းကဲ့သို့နေရာယူထားခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် အင်းအားပိုများလာကြောင်း ဒေသခံအချို့ကပြောသည်။

ရွာအပြင်ကားလမ်းမထက်တွင် လုံခြုံရေးသဘောနေရာယူထားသည့်ပုံစံဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် ကျေးဇူးတော်ရွာသားတစ်ဦးကမူ ၎င်းတို့ကျေးရွာအဝင်လမ်းမှ ထားဝယ်မြို့အနီးရှိ မောင်မယ်ရှောင်ရွာအထိ ကားလမ်းမတစ်လျှောက် စစ်တပ်က နေရာယူထားသည်ဟု သတင်းကြားရသည်ဟုဆိုသည်။

“ကျွန်တော်တို့ရွာထဲမှာတော့ အခုချိန်အထိ အေးအေးဆေးဆေးပါပဲ” ဟု ၎င်းကျေးဇူးတော်ရွာသားတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် ပြောသည်။

မောင်မယ်ရှောင်ရွာသားတစ်ဦးကမူ သူတို့ရွာအဝင်ထွက်နေရာတို့တွင် စစ်တပ်က နေရာယူထားခြင်းမရှိဟုဆိုသည်။ စစ်ကား၊ ရဲကားတို့ ပုံမှန်ဖြတ်သန်း မောင်းနှင်းသွားလာနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

ကလိန်အောင်မြို့ပေါ်တွင်လည်း ယနေ့နံနက် ၃ နာရီခန့်မှစပြီး စစ်တပ်က မြို့တွင်းနေရာအချို့တွင် လာရောက်ကင်းချထားကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

ကလိန်အောင်မြို့ပေါ်ရှိ ဒေသအခေါ် မိရှင်ကုန်း (ရန်အောင်မြင်ဘုရား) သို့ စစ်တပ်မှ အရာရှိကြီးအချို့ လာရောက်ရန်ရှိသဖြင့် ယင်းကဲ့သို့ ကြိုတင်ကင်းချထားခြင်းဖြစ်နိုင်ကြောင်း ၎င်းကခန့်မှန်းပြောဆိုသည်။

“အဲဒီဘုရားက တိုင်းမှူးတွေ၊ ဗိုလ်ချုပ်တွေက အရမ်းကို ကိုးကွယ်ကြတာ။ အခုအဲဒီကိုလာဖို့ရှိတယ်လို့ ပြောနေကြတယ်” ဟု ၎င်းမြို့ခံက ဆိုသည်။

ယင်အပြင် ယနေ့နံနက် ၇ နာရီကျော်အချိန်တွင် ရဟတ်ယာဉ်တစ်စီး၊ ၈ နာရီခန့်တွင် ဂျက်လေယာဉ်တစ်စီး အနိမ့်ပျံသန်းနေသည်ကို တွေ့ရကြောင်း ၎င်းကပြောသည်။

ကိုဗစ်ကို အကြောင်းပြကာ ထားဝယ်မြို့ကို Stay at Home သတ်မှတ်တာ တင်းကြပ်ထားခြင်းနှင့် အတူ မရေရာမှုများ ကြီးစိုးလျက်ရှိသည်။