အခြားမြို့နယ်နေသူများ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် ထားဝယ်သို့လာနိုင် ဟုဆို

0
121

ထားဝယ်ခရိုင်ရှိ သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံးမြို့နယ်နေသူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် ထားဝယ်မြို့ပေါ်သို့ လာခွင့်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ထားဝယ်မြို့နယ်၏ နေအိမ်တွင်သာနေထိုင်ရန် (Stay at Home )သတ်မှတ်ချက်မှာ ဩဂုတ်လ ၂၁ ရက်မှစပြီး စတင်အသက်ဝင်မည်ဖြစ်ပြီး အိမ်ထောင်စုတစ်ခုလျှင်တစ်ဦးသာ အပြင်ထွက်ခွင့်လက်မှတ်ဖြင့် ထွက်ရမည်ဖြစ်သည်။

ထိုသို့ သတ်မှတ်ချိန်တွင် အခြားမြို့နယ်နေသူများအနေဖြင့် မည်သည့်အထောက်အထားဖြင့် မြို့အတွင်းဝင်ခွင့်ပြုမည်ကို ထုတ်ပြန်ထားခြင်းမရှိပေ။

ထိုကြောင့် အထက်ပါကိစ္စကို Dawei Watch အနေဖြင့် ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ထားဝယ်ကိုလာမယ်ဆိုရင်တော့ သက်ဆိုင်ရာကနေ (ရပ်/ကျေး) ထောက်ခံစာယူပြီးလာလို့ရပါတယ်။ အရေးအကြောင်း ကျန်းမာရေးကိစ္စတို့ ဘာတို့ရှိရင်လေ။ အထောက်ထားတစ်ခုခု ယူလာရမှာပေါ့လေ” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ကိုဗစ်ရောဂါအား ထိန်းချုပ်နိုင်ရန်အတွက် ထားဝယ်‌မြို့ပေါ်ရှိ အခြေခံစားသောက်ကုန်ဆိုင်၊ ဆေးဆိုင် အစရှိသည့် လိုအပ်သည့်ဆိုင်အချို့ကိုသာ ဖွင့်ခွင့်ပြုထားပြီး မလိုအပ်သည့် ဆိုင်များကို ပိတ်ခိုင်းထားကြောင်း ၎င်းက ပြောသည်။

ထိုအတွက်ကြောင့် ထားဝယ်မြို့ပေါ်သို့ မဖြစ်မနေလာရမည့် အခြေအနေရှိမှလာပြီး ယင်းကဲ့သို့လာပါကလည်း သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံချက်လက်မှတ်ပါရမည်ဟု ဆိုသည်။

ထားဝယ်ခရိုင်အတွင်း မြို့နယ်များတွင် အုပ်ချုပ်ရေးမှူးမရှိသည့် ရပ်ကွက် ကျေးရွာအချို့ရှိနေပြီး ထောက်ခံစာယူရန် အခက်တွေ့နေကြကြောင်း ဒေသခံများက ငြီးတွားနေကြသည်။

ပုံစာ-ထားဝယ်မြို့တွင်း တစ်နေရာ