မယ်ဒီလန်းဆေးရုံ ကိုဗစ်လူနာ စတင်လက်ခံ၊ ဟိုတယ်ဒီလပ်တွင် ထားမည်

0
245
Hotel Deluxe

ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံဖြစ်သည့် မယ်ဒီလန်းဆေးရုံတွင် ကိုဗစ်လူနာများ စတင်လက်ခံနေပြီး ဆေးရုံအနီးရှိ ဟိုတယ်ဒီလပ် (Hotel Deluxe)တွင် ထားရှိကုသမည်ဖြစ်ကြောင်း သက်ဆိုင်ရာဆေးရုံနှင့် ဟိုတယ်တာဝန်ရှိသူထံမှ သိရသည်။

ကိုဗစ်ပိုးတွေ့လူနာများအား သြဂုတ်လ ၁၉ ရက်နေ့တွင် စတင်လက်ခံနေပြီး ကိုဗစ်လူနာ ၃၅ ဦးမှ ၅၀ ခန့်အထိ လက်ခံနိုင်မည်ဖြစ်ကြောင်း မယ်ဒီလန်းဆေးရုံတာဝန်ရှိသူ ဒေါက်တာဇော်မျိုးနိုင်က ဆိုသည်။

ဟိုတယ်ဒီလပ်နှင့် မယ်ဒီလန်းဆေးရုံတို့ ချိတ်ဆက်ကာ ယင်းကဲ့သို့ စီစဉ်ထားခြင်းဖြစ်သည်။

ဆေးရုံတက်လူနာများအနေဖြင့် ဟိုတယ်၏ ဝန်ဆောင်မှုများအပြင် သူနာပြု၊ ဆရာဝန်၊ အခန်းသန့်ရှင်းရေးနှင့် လူနာအတွက် နံနက်စာ ဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်ကြောင်း ဒေါက်တာဇော်မျိုးနိုင်က ဆိုသည်။

“သူနာပြု ပြုစု အစောင့်အရှောက် ပါမယ်၊ ဆရာဝန် ကြည့်တာပါမယ် အဲဒါတွေ အကုန်ပါပါမယ်”ဟု ၎င်းက ပြောသည်။

သွေးစစ်ခြင်း၊ ဆေးသွင်း၊ ဆေးသောက်၊ ဓာတ်မှန်ရိုက်ခြင်း၊ အောက်ဆီဂျင်အတွက်မူ သီးခြားကျသင့်မည်ဖြစ်ကြောင်း ဒေါက်တာဇော်မျိုးနိုင်က ဆိုသည်။

ယင်းသို့ ဆေးရုံတက်မည်ဆိုပါက တစ်ခန်းလျှင် လူနာတစ်ယောက်နေမည်ဆိုပါက တစ်ရက်လျှင် ကိုးသောင်းကျပ်နှင့် လူနာနှစ်ဦးနေပါက တစ်ဦးလျှင် ငါးသောင်းကျပ် ကျသင့်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဟိုတယ်ဒီလပ်မှာ ထားဝယ်မြို့ ဆန်းချီလမ်းဆုံတွင် တည်ရှိပြီး မယ်ဒီလန်းဆေးရုံအနီးတွင် ရှိသည်။

တနင်္သာရီတိုင်းအတွင်းရှိ ပုဂ္ဂလိကဆေးရုံများအနက် လက်ရှိတွင် မယ်ဒီလန်းဆေးရုံ တစ်ခုသာ ကိုဗစ်လူနာကုသခွင့် ပြုထားကြောင်း တပ်ကောင်စီခန့် တနင်္သာရီတိုင်း လူမှုရေးဝန်ကြီး ဦးယဉ်ထွေးက ဆိုသည်။

“အခုလက်ရှိတော့ မြိတ်တို့ဘက်ကနေပြီး လျှောက်ထားလာတာမရှိသေးဘူး။ သူတိုဘက်က လျှောက်မယ်ဆိုရင်တော့ လျှောက်ခွင့်ပြုထားပါတယ်။ ကော်မတီနဲ့ စိစစ်ပြီးတော့မှ ခွင့်ပြုသင့် ခွင့်မပြုသင့် စိစစ်မှာပေါ့နော်” ဟု ဦးယဉ်ထွေးက ပြောသည်။

ဟိုတယ်ဒီလပ်တွင် အခန်း ၃၅ ခန်းအား ကိုဗစ်ပိုးတွေ့လူနာထားရှိကုသရန် ခွင့်ပြုထားပြီး တစ်ခန်းလျှင် တစ်ဦးနူန်းဖြင့် ထားပါက လူ ၃၅ ဦးအား ကုသနိုင်မည်ဖြစ်ပြီး နှစ်ဦးနှုန်းထားပါက ၇၀ ဦးအထိ ကုသပေးနိုင်မည်ဖြစ်ကြောင်း တပ်ကောင်စီခန့် လူမှုရေးဝန်ကြီးထံမှ သိရသည်။