ထားဝယ်မြို့နယ်တွင် စနေနေ့မှစ၍ အပြင်ထွက်ခွင့်လက်မှတ် ပြရမည်

0
243
ထားဝယ်မြို့တစ်နေရာ

ထားဝယ်မြို့နယ်တွင် ဩဂုတ်လ ၂၁ ရက် စနေနေ့ မှစတင်ကာ အပြင်ထွက်ခွင့် လက်မှတ်ပြရမည်ဖြစ်ကြောင်း ယနေ့ညနေပိုင်းတွင် မြို့အတွင်း လိုက်လံကြေညာလျှက်ရှိသည်။

အပြင်ထွက်ခွင့်လက်မှတ်အား အိမ်ထောင်စု တစ်စုလျှင် တစ်ဦးကိုသာ ထုတ်ပေးမည်ဖြစ်ပြီး ယင်းလက်မှတ်အား သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတို့ထံတွင် ထုတ်ယူရမည်ဖြစ်သည်။

ကိုဗစ်ကူးစက်မှုများသည့် ဒေသများကို Stay at Home သတ်မှတ်လေ့ရှိပြီး အပြင်ထွက်ခွင့် လက်မှတ်ထုတ်ပေးလေ့ရှိသည်။

ထားဝယ်မြို့ပေါ်ရပ်ကွက်များအတွက် အပြင်ထွက်ခွင့်လက်မှတ်များကို ယနေ့မှစပြီး ထုတ်ပေးနေပြီး ကျန်ကျေးရွာများအတွက်လည်း ထုတ်ပေးနိုင်ရန်အတွက် စီစဉ်နေကြောင်း ထားဝယ်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ပြောသည်။

ထားဝယ်မြို့နယ်ရှိ ကျန်ကျေးရွာများအတွက် အိမ်ထောင်စုတစ်စုလျှင် လက်မှတ်တစ်စောင် ထုတ်ပေးနိုင်ရန်အတွက် ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ စိစစ်နေကြောင်း ဦးထွန်းထွန်းလင်းက ပြောသည်။

“(ဒီထုတ်ပြန်ချက်က) ထားဝယ်တစ်မြို့နယ်လုံးမှာ သက်ရောက်ပါတယ်။ အချိန်တိုတိုတွင်းမှာ စီစဉ်လိုက်ရတာဆိုတော့ မြို့ပေါ်လောက်ပဲ အရင်ဆုံး လက်မှတ်ထုတ်ပေးနိုင်သေးတယ်။ နောက်ဆိုရင်တော့ အားလုံးထုတ်ပေးသွားမှာပါ” ဟု ဦးထွန်းထွန်းလင်းက ဆိုသည်။

အရေးပေါ်ကျန်းမာရေးကိစ္စအတွက်မူ တစ်အိမ်လျှင် နှစ်ဦး ထွက်ခွင့်ရမည်ဖြစ်သည်။

အပြင်ထွက်ခွင့် လက်မှတ်ကိုင်ဆောင်သူသည် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များဖြစ်သည့် နှာခေါင်းစည်းတပ်ခြင်း၊ ခြောက်ပေခွာဈေးဝယ်ခြင်း စသည်တို့ကို လိုက်နာရမည်ဖြစ်သည်။

သက်ဆိုင်ရာမှ စစ်ဆေးပါက အကြောင်းပြချက်ခိုင်လုံစွာ ပြောနိုင်ရမည်ဖြစ်ပြီး ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်စည်းကမ်းချက်များအား မလိုက်နာပါက အရေးယူခံရမည်ဟုဆိုသည်။

ထားဝယ်မြို့ပေါ် ဈေး၊ ဆေးဆိုင်ကဲ့သို့သော နေရာများတွင် လူစု၊ လူဝေး ဖြစ်နေဆဲဖြစ်ခြင်းကြောင့် ယင်းသို့သတ်မှတ်ခြင်းဖြစ်ကြောင်း ဦးထွန်းထွန်းလင်းက ပြောသည်။

ဖွင့်ခွင့်ပြုထားသည့် ဈေးဆိုင်များအားလုံး ပုံမှန်တိုင်း ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း၎င်းက ပြောသည်။

ယင်းကဲ့သို့ အိမ်ထောင်စုတစ်စုလျှင် အပြင်ထွက်ခွင့် တစ်ဦးသာ ခွင့်ပြုခြင်းအား မည်မျှကြာသည်အထိ သတ်မှတ်မည်ကို မသိရသေးဘဲ ကိုဗစ်ရောဂါဖြစ်ပွားမှု လျော့ကျလာသည့် အခြေအနေကိုကြည့်ပြီးမှ ပြန်လည်ရုပ်သိမ်းနိုင်ခြေရှိကြောင်း ဦးထွန်းထွန်းလင်းက ရှင်းပြသည်။