ထားဝယ်မြို့အဝင်အထွက်ဂိတ် ပိုတင်းကျပ်

0
598
ထားဝယ်မြို့

ထားဝယ်မြို့အဝင်အထွက် ဂိတ်များတွင် ယခင်ရက်များထက် လုံခြုံရေးပိုမိုတင်းကျပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်တွင် မြို့အဝင်အထွက်ဂိတ် လေးခုဖြစ်သည့် အိမ်ရှေ့ပြင်ဂိတ်၊ ကမြောကင်းတံတားဂိတ်၊ ပေါက်တိုင်းတံတားဂိတ်နှင့် ဗျောတော၀ဂိတ် တို့တွင် သြဂုတ်လ ၁၉ ရက်နေ့က စစ်ဆေးမှုတင်းကျပ်နေခြင်းဖြစ်သည်။

ကမြောကင်းတံတားဂိတ်တွင် ယခင်က ဘယ်ရီဂိတ် ၃ခုခန့်သာချထားရာမှ ယနေ့တွင် ခြောက်ခုအထိချထားပြီး ဆိုင်ကယ်အားလုံးကို မဖြစ်မနေစစ်ဆေးနေကြောင်း သိရသည်။

ယခင်က ၎င်းတို့မသင်္ကာသည့်ဆိုင်ကယ်များကိုသာ ရပ်တန့်စစ်ဆေးနေခြင်းဖြစ်ကြောင်း လောင်းလုံးဒေသခံအချို့က ဆိုသည်။

ယနေ့စစ်ဆေးမှုမှာ တင်းကျပ်လွန်းနေပြီး အင်အားလည်း ပိုများနေကြောင်း လောင်းလုံးမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောသည်။

“အင်အားများတယ် အရင်နေ့‌တွေထက်ဆိုးတယ်။ လှည့်ပြန်နေရတာတွေ မနည်းတော့ဘူး။ ရဲ စစ်သား အင်အား နှစ်ဆယ်လောက်ရှိမယ်” ဟု ၎င်းက ဆိုသည်။

အခြားမြို့ဝင်ဂိတ်တစ်ခုဖြစ်သည့် အိမ်ရှေ့ပြင်ဂိတ်တွင်လည်း အင်အားပိုချထားပြီး ညနေပိုင်းအထိ စစ်ဆေးနေဆဲဖြစ်ကြောင်း ယင်းရပ်ကွက်နေ မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

ယခင်က စစ်သားနှစ်ဦးနှင့် ရဲနှစ်ဦးသာ စစ်ဆေးနေရာမှ ယနေ့တွင် အင်အားနှစ်ဆတိုးပြီး စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“စစ်ဆေးတာကတော့ အကုန်စစ်တယ်၊ ကားတွေရော သုံးဘီးတွေရော ဆိုင်ကယ်တွေရော ထောက်ခံစာမပါရင် ဖြတ်လို့မရဘူး။ အရင်ကလည်း စစ်တာတော့ စစ်တာပဲ။ ဒါပေမယ့် ဒီနေ့က အင်အားပိုချထားပြီး စစ်နေတာ” ဟု အထက်ပါ မျက်မြင်တွေ့သူက ဆိုသည်။

ပေါက်တိုင်း တံတားတွင်လည်း ယနေ့နံနက်ပိုင်းမှ စပြီး ယခင်ထက် ပိုမို စစ်ဆေးနေကြောင်း ယနေ့ နေ့လယ် ၁၂ နာရီခန့်က ကိုယ်တိုင်ဖြတ်သန်းခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယာဉ်ထိန်ရဲတစ်ဦးအပါအဝင် ရဲနှင့်စစ်သား တစ်ဆယ်ကျော်ဖြင့် စစ်ဆေးနေခြင်းဖြစ်ပြီး ရပ်ကျေး အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ ယာဉ်မောင်းလိုင်စင်စသည့် အချက်အလက်များအပြင် ကိုဗစ်ကင်းရှင်းကြောင်း ကျန်းမာရေး ထောက်ခံချက်ပါ စစ်ဆေးကြောင်း ၎င်းက ပြောသည်။

“တချို့ကိုဆိုရင် တစ်ခုပြနိုင်ရင် နောက်ထပ်တစ်ခုပြခိုင်းပြီး ဆိုးဆိုးရွားရွားကို စစ်တာ။ အဝင်ရော အထွက်ရော အကုန်စစ်တယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

ယင်းဂိတ်ကိုဖြတ်မည့် ကား၊ ဆိုင်ကယ်၊ သုံးဘီးကားအချို့မှာ ၎င်းတို့စစ်ဆေးသည့်အချက်အလက်များ မပြည့်စုံသဖြင့် လှည့်ပြန်သွားသူများလည်း ရှိကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ စစ်ဆေးမှု တင်းကျပ်နေခြင်းမှာ ထားဝယ်အခြေစိုက် တပ်ရင်းတစ်ခုမှ စစ်သားနှစ်ဆယ်ကျော် လက်နက်အပြည့်အစုံ ဖြင့် ထွက်ပြေးသွား၍ဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြကြသည်။

တပ်ကောင်စီဘက်ကမူ လက်နက်ပါ စစ်သားများ ထွက်ပြေးသည်ဆိုသည့်သတင်း မှန်ကန်မှုမရှိကြောင်း ငြင်းဆိုထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ Dawei Watch က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။