ငါးသယ်လှေသား တစ်ထောင်ခန့်ကို ကိုဗစ်ကာကွယ် ဆေးထိုး

0
151
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင်အတွင်းမှ ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချနေသည့် ငါးသယ်လှေ ရေလုပ်သားတစ်ထောင်ခန့်ကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ထံမှသိရသည်။

ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချနေသည့် ငါးသယ်လှေ(ငါးကဲ့လှေ) မြိတ်ခရိုင်အတွင်း အစီးတစ်ရာနီးပါးရှိပြီး ငါးဖမ်းရာသီမစမီ ဇူလိုင်လ ၁၅ ရက်မတိုင်မီကတည်းက ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့ပြီး လက်ရှိတွင် လှေသားအားလုံးထိုးနှံခဲ့ပြီးဖြစ်သည်ဟု တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဉီးသက်စိုး ကပြောသည်။

“ထိုင်းကိုသွားရောင်းနေတဲ့ လှေသားတွေကို ဉီးစားပေးပြီး ထိုးနှံပေးတာပေါ့’ဟု ၎င်းကပြောသည်။

ငါးသယ်လှေ ရေလုပ်သားများအား ကိုဗစ်နိုင်တင်း ကာကွယ်ဆေး ထိုးပြီးခဲ့သော်လည်း ကမ်းဝေးငါးဖမ်းလှေသားများကိုမူ ဆေးမရရှိသေးသည့်အတွက် ထိုးပေးနိုင်ခြင်းမရှိသေးကြောင်း ဉီးသက်စိုး ကဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့ကစပြီး ကမ်းဝေးငါးဖမ်းလှေ ငါးဆယ်ရာခိုင်နှုန်းအား ကနဉီး ပင်လယ်ပြင်ငါးဖမ်းထွက်ခွာခွင့်ပြုခဲ့ပြီး ဇူလိုင်လကုန်လတွင် ကမ်းဝေးငါးဖမ်းလှေအားလုံး ပင်လယ်ပြင်သို့ ထွက်ကာ ငါးဖမ်းကြတော့မည် ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ တစ်ထောင့်ငါးရာခန့်ရှိပြီး မြိတ်ခရိုင်တစ်ခုတည်းတွင် ခုနှစ်ရာကျော်ရှိသည်။

ကမ်းဝေးငါးဖမ်းလှေတစ်စီးလျှင် ရေလုပ်သား ၁၅ ဦးမှ ၆၀ ဦးအထိရှိသည်။

ကာကွယ်ဆေးထိုးထားသည့် ငါးသယ်လှေ(ငါးကဲ့လှေ)ရှိ ရေလုပ်သားများမှာ လက်ရှိအချိန်အထိ ကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်း တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။