ထားဝယ်ခရိုင်အတွင်း ရေကြီးမှု နောက်ဆုံးအခြေအနေ

0
238

မိုးသည်းထန်စွာရွာသွန်းပြီး ထားဝယ်ခရိုင်အတွင်း နေရာအချို့တွင် ရေကြီးရေလျှံလေ့ရှိသည်။

ယင်းကဲ့သို့ ရေကြီး ရေလျှံ ဖြစ်ပွားလေ့ရှိသည့် နေရာအချို့၏ နောက်ဆုံးအခြေအနေကို မေးမြန်းထားပါသည်။

ဇူလိုင်လ ၂၆ ရက် ညနေသုံးနာရီအထိ ဆက်သွယ်မေးမြန်းချက်အား စုစည်းဖော်ပြလိုက်သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ထားဝယ်မြို့

ထားဝယ်မြို့အတွင်း ဆေးရုံလမ်းမှာ ရေပြန်ကျနေပြီဖြစ်ပါတယ်။

မြို့အထွက် ပေါက်တိုင်းတံတားနားမှာလည်း ရေပြန်ကျပြီး ဆိုင်ကယ်၊ ကားတွေ သွားလာနေပြီဖြစ်ပါတယ်။

ပကာရီကျေးရွာ

ထားဝယ်- မေတ္တာ သွားလမ်းပိုင်းတစ်နေရာဖြစ်တဲ့ ပကာရီကျေးရွာအတွင်း ကားလမ်းမပေါ်မှာ ရေပြန်ကျနေပြီလို့ ဒေသခံအချို့ဆီ ကနေသိရပါတယ်။

ဇူလိုင်လ ၂၅ ရက်ကမူ ကားလမ်းမအထက် ခုနစ်ပေ၊ ရှစ်ပေလောက်အထိ ရေကြီးခဲ့ပြီး ယင်းည ၁၁ နာရီလောက်ကစပြီး တဖြည်းဖြည်း ရေပြန်ကျသွားတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးတင့်ဝေက ပြောပါတယ်။

အနိမ့်ပိုင်းရှိ နေအိမ်အချို့မူ ရေနစ်မြုပ်ခဲ့ပေမယ့် ဒေသခံတွေက ရေလွတ်ရာနေရာတွေကို ကြိုတင်ရှောင်ရှားနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ယနေ့ ညနေသုံးနာရီအချိန် မေးမြန်းချက်အရ ကားလမ်းမပေါ်မှာ သုံးပေလောက် ရေကျော်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကလိန်အောင်

ကလိန်အောင် ဆံတော်ရှင်တောင်တက်လမ်းမှာ ရေကျော်နေရာကနေ ပြန်ကျလာပြီး ဆိုင်ကယ်နဲ့ ကားတွေ ဖြတ်သန်းလို့ရနေပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေဖြူမြို့

ရေဖြူမြို့ က ရပ်ကွက်နဲ့ ခ ရပ်ကွက် အနိမ့်ပိုင်းနေရာရှိ နေအိမ်နဲ့ ရုံးအဆောင်အဦးတွေထဲ ယနေ့ ညနေ သုံးနာရီအချိန်အထိ ရေအနည်းငယ် ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးသတ်ဝန်ထမ်းအိမ်ရာမှာ လုပ်ထားတဲ့ ကျူစင်တာမှာတော့ ရေကြီးနေဆဲဖြစ်ပြီး လှေနဲ့ ဝင်ထွက်သွားလာနေရတယ်လို့ အဲဒီစင်တာမှာ ကူညီပေးနေတဲ့ ပရဟိတသမားတစ်ဦးက ဆိုပါတယ်။

သရက်ချောင်း

မိုးရွာသွန်းမှုများရင် ရေကျော်လေ့ရှိတဲ့ သရက်ချောင်းမြို့နယ်ရှိ နေရာအချို့မှာ ရေပြန်ကျနေပြီလို့ သိရပါတယ်။

ကျွဲခြံရွာမှာလည်း ရေပြန်ကျနေပြီလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကျောက်နီမော်ကျေးရွာ

မနေ့က တောင်ကုန်းပြိုကျခဲ့တဲ့ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု အင်းကနီတွင်းရွာ မှာလည်း စက်ယန္တရားတွေသုံးပြီး ဖယ်ရှားတာတွေလုပ်ဆောင်နေပြီး ဖြတ်သန်းသွားလာလို့ရနေပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေကြီး ရေလျှံနေတဲ့ အခြားနေရာတွေ ကျန်နေသေးပြီး လက်ရှိမှာ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ပုံစာ- ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံနေသည့် မြင်ကွင်းအချို့