တစ်နာရီလျှင် အောက်ဆီဂျင် လေးလုံးအထိ ထုတ်နိုင်သည့်စက် ထားဝယ်သို့ ထပ်ရောက်မည်

0
148

တစ်နာရီစက်လည်ပတ်ပါက အောက်ဆီဂျင် ၄၀ လီတာအိုး လေးလုံးအထိ ထွက်ရှိနိုင်သည့် ရွေ့လျားအောက်ဆီဂျင်စက်တစ်လုံး ထားဝယ်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလူထုအခြေပြု အထောက်အကူပြု အဖွဲ့(ထားဝယ်ဒေသ) ထံမှ သိရသည်။

အဆိုပါရွေ့လျားအောက်ဆီဂျင်စက်ကို ရန်ကုန်မြို့နေ ထားဝယ်သားလုပ်ငန်းရှင်တစ်ဦးက လှူဒါန်းခြင်းဖြစ်ပြီး ဇူလိုင်လကုန်တွင် ရောက်မည်ဟု ခန့်မှန်းထားကြောင်း အထက်ပါအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စက်ရောက်ရှိလာပါက အလှူရှင်၏ ဆန္ဒအတိုင်း ထားဝယ်ဆေးရုံကြီးဝင်းအတွင်း ထားရှိရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

“(စက်က) ကွန်တင်နာပုံးနဲ့။ လမကုန်ခင်ရောက်မယ်လို့ ပြောထားတယ်” ဟု အထက်ပါ အတွင်းရေးမှူးအဖွဲ့ဝင်က ဆိုသည်။

အောက်ဆီဂျင်စက်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်ကိုမူ မသိရသေးကြောင်း ၎င်းက ပြောသည်။

ထားဝယ်မြို့တွင် အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေး၏ ၂၄ နာရီ စက်လည်ပတ်ပါက အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၄၀ ထုတ်လုပ်နိုင်သည့် စက်ရုံတစ်ရုံလည်း ရှိသည်။

အခြားဒေသအချို့တွင် ကိုဗစ်လူနာများပြားပြီး အောက်ဆီဂျင် မလုံလောက်သည့် ပြဿနာနှင့် ကြုံတွေ့နေရ သည့်အတွက် ထိုသို့စီစဉ်ရခြင်းဖြစ်ကြောင်း အထက်ပါ အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

သို့ရာတွင် အဖွဲ့ပိုင် အောက်ဆီဂျင်အိုးအခွံ နည်းပါးနေသည့်အတွက် အပြည့်အ၀ မထုတ်လုပ်နိုင်ဘဲဖြစ်နေသည်။

ယခင်က အာယုဒါနပိုင် အောက်ဆီဂျင်အိုးအခွံ အကြီး၅၀ ခန့်နှင့် အိုးငယ် ၁၅၀ လုံး ခန့်သာရှိကြောင်း သိရသည်။

လက်ရှိတွင်မူ အောက်ဆီဂျင်အိုးအခွံ လှူဒါန်းသူအချို့ ရှိနေသည်။