တနင်္သာရီတိုင်းအတွင်းနှင့် တိုင်းပြင်သို့ ခရီးသည်တင်ယဉ်များ ပြေးဆွဲခွင့် ကန့်သတ်

0
167

တနင်္သာရီတိုင်းအတွင်းနှင့် တိုင်းပြင်ပသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်အားလုံး ဇူလိုင်လ ၁၇ ရက်နေ့မှစပြီး ပြေးဆွဲခွင့် မပြုတော့ကြောင်း တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနထံမှ သိရသည်။

ကိုဗစ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ယင်းကဲ့သို့ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုးဦးက ပြောသည်။

“အချိန်ကာလကိုတော့ အကန့်အသတ်မရှိဆိုပြီး သတ်မှတ်ထားပါတယ်။ ရောဂါကူးစက်မှု လျော့ကျလာရင်တော့ ပြန်ဖွင့်ပေးမှာ ပေါ့” ဟု ဦးသန်းစိုးဦးက ဆိုသည်။

ကုန်တင်ယာဉ်၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေး စသည့် အခြေအနေအမျိုးမျိုးကြောင့် မဖြစ်မနေသွားလာရမည့်သူများကိုမူ တိုင်းအတွင်းဖြစ်စေ၊ တိုင်းပြင်ပဖြစ်စေ အကန့်အသတ်ဖြင့် သွားလာခွင့်ပေးထားကြောင်း ၎င်းက ပြောသည်။

ကျန်းမာရေး၊ ပညာရေး၊ လူမူရေး စသည့် မဖြစ်မနေ ခရီးသွာမည်ဆိုပါက ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်၊ ခရိုင် တို့၏ ခွင့်ပြုချက်၊ ကိုဗစ်ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်တို့ ပါရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အိမ်စီးကားများမှာမူ ယာဉ်မောင်းအပါအဝင် စုစုပေါင်း လေးဦးသာ လိုက်ပါခွင့်ရှိမည်ဖြစ်သည်။

ကုန်တင်ယာဉ်မောင်းများသည် အဝင်အထွက် ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးခံရမည်ဖြစ်ပြီး အလုပ်ပြီးချိန်တွင် လျှောက်သွားခွင့်မရှိဘဲ သတ်မှတ်နေရာတွင်သာ နေထိုင်ရမည်ဟု ဆိုသည်။

ယင်းအပြင် Stay at home သတ်မှတ်ထားသော မြို့နယ်များတွင် ယာဉ်ရပ်နားခြင်း၊ ညအိပ်ခြင်းပြုပါက ကွာရန်တင်း ၁၀ ရက်ဝင်ရမည်ဖြစ်ပြီး ကားပေါ်တက်ဆင်းလုပ်တိုင်း လက်ဆေးခြင်း၊ ခရီးသွားမည့် မည်သူမဆို နှာခေါင်းစည်းတပ်ခြင်း စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွန်ကြားချက်များကို လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါ စည်းကမ်းချက်များကို မလိုက်နာပါက သဘာဝဘေး အန္တရာယ် ဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။