ထားဝယ် ကညနရုံးဝန်ထမ်း တစ်ဆယ်ကျော်တွင် ကိုဗစ်ပိုးတွေ့၍ ရုံးယာယီပိတ်

0
182

တနင်္သာရီတိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးဝန်ထမ်းတစ်ဆယ်ကျော် ကိုဗစ်ကူးစက်ခံရသည့် အတွက် ရုံးကိုယာယီပိတ် ထားကြောင်း ယင်းဌာနထံမှ သိရသည်။

ရုံးဝန်ထမ်းနှစ်ဦးတွင် ကိုဗစ်ပိုးတွေ့သည့်အတွက် ဝန်ထမ်းအားလုံးကို ဇူလိုင်လ ၁၃ ရက်နေ့လယ်က စစ်ဆေးလိုက်ရာ နောက်ထပ်ဆယ်ဦးတွင် ကိုဗစ်ပိုးတွေ့ရကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။

အရင်ဆုံး ပိုးတွေ့သော ဝန်ထမ်းနှစ်ဦးမှာ ဖျားနာသည့် လက္ခဏာပြနေသည့် အတွက် ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ကိုဗစ်ပိုးတွေ့သည့်အတွက် ထားဝယ်မြို့ရှိ ကညနဌာန၏ ရုံးလုပ်ငန်း အားလုံးကို ဇူလိုင်လ ၁၄ ရက်နေ့မှစတင်ကာ ယာယီရပ်နားထားကြောင်း ၎င်းက ပြောသည်။

“လာတဲ့ပြည်သူတွေကိုလည်း ကူးမှာကြောက်တော့ တိုင်းကောင်စီကို တင်ပြပြီးတော့ ခေတ္တရပ်ဆိုင်းထားတယ်ခင်ဗျား” ဟု တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။

ယာယီရပ်နားသည့်အချိန်ကာလကို ယာယီအားဖြင့် ၁၄ ရက် သတ်မှတ်ထားပြီး ဝန်ထမ်းများ၏ ကျန်းမာရေးအခြေအနေကို ဆက်စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကိုဗစ်ပိုးတွေ့သည့် ဝန်ထမ်းများကို ခလရ ၂၅ အရှေ့ရှိ စာသင်ကျောင်း (ဆေးကုသဆောင်)တွင် ဆေးကုသနေပြီး လက်ရှိတွင် ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။

တိုင်းကညနရုံးတွင် ဇူလိုင်လ ၇ ရက်နေ့မှစကာ မှတ်ပုံတင်မဲ့ဆိုင်ကယ်များကို လိုင်စင်လုပ်ပေး နေသည်။