ကမ်းဝေး ငါးဖမ်းလှေ ထက်ဝက် ပင်လယ်ပြင် ငါးဖမ်းထွက်ခွင့်ပြု၊ သတ်မှတ်ချိန်ထက် စောထွက်ခွင့်ပေး

0
526

တနင်္သာရီတိုင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေ ငါးဆယ်ရာခိုင်နူန်းအား ပင်လယ်ပြင်သို့ ထွက်ကာ ငါးဖမ်းဆီးခွင့် ပြုလိုက်ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

လက်ရှိမြိတ်ခရိုင်အတွင်း ကမ်းဝေးငါးဖမ်းလှေ ၇၀၀ ကျော်ရှိသည့်အနက် လာမည့် ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ လှေ ထက်ဝက်ခန့်မှာ ငါးဖမ်းထွက်ရန် ပြင်ဆင်နေပြီဖြစ်သည်ဟု မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုး ကပြောသည်။

“လူတွေရဲ့ စီးပွားရေးအခက်အခဲတွေကြောင့် စောပြီးထွက်ခွင့်ပြုလိုက်တဲ့ သဘောပါပဲ”ဟု ၎င်းကပြောသည်။မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်ချိန် ငါးမဖမ်းရရာသီကို နှစ်စဉ်ပုံမှန် ဇွန်၊ ဇူလိုင်၊ သြဂုတ် လများကို သတ်မှတ်ထားသော်လည်း တပ်ကောင်စီတက်ပြီးနောက် ယခုနှစ်တွင် မေ၊ ဇွန်၊ ဇူလိုင် သို့ပြောင်းလဲခဲ့သည်။

နော်ဝေသုတေသနသင်္ဘော၏ လေ့လာတွေ့ရှိချက်အရ ငါးသားပေါက်သည့် ရာသီတင်မကဘဲ ငါးမျိုးဥ ဥနေသည့် ရာရာသီကိုပါ ငါးမဖမ်းရရာသီအဖြစ် ပိတ်မှသာ ငါးသယံဇာတ ရေရှည်ထိန်းသိမ်းနိုင်မည်ဟု ဆိုကာ တပ်ကောင်စီက တစ်လစော၍ ပိတ်ခဲ့ရခြင်းဖြစ်သည်ဟု မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူကဆိုသည်။

တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ခန့်ရှိပြီး မြိတ်ခရိုင်တစ်ခုတည်းတွင် ကမ်းဝေးငါးဖမ်းလှေ ခုနှစ်ရာကျော်ရှိသည်။တိုင်းအတွင်း ယင်းလှေထက်ဝက်ခန့်မှာ မနက်ဖြန် တွင် ငါးစတင် ဖမ်းကြတော့မည်ဖြစ်ပြီး ဇူလိုင်လကုန်တွင်မူ ငါးဖမ်းလှေ အားလုံး ပင်လယ်ပြင်သို့ ထွက်ကာ ငါးဖမ်းကြတော့မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ကိုဗစ်နိုင်တင်းရောဂါစတင်ဖြစ်ပွားချိန်မှစပြီး ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ အချို့သို့တင်ပို့နေသည့် ငါးဈေးအဆမတန် ကျဆင်းခဲ့သည့်အတွက် ငါးဖမ်းလုပ်ငန်းရှင်များ အရှုံးပေါ်ခဲ့ပြီး အချို့မှာ လှေရပ်နားလိုက်ရသည်အထိ ဖြစ်ခဲ့ရကြောင်း ငါးဖမ်းလှေလုပ်ငန်းရှင်များ ထံမှ သိရသည်။

ပုံစာ- ၂၀၁၉ ခုနှစ်က ထားဝယ်မြစ်အတွင်း ရပ်နားထားသည့် ဝါတန်းငါးဖမ်းလှေများကို တွေ့ရစဉ်။