ကိုဗစ်ကာကွယ်ဆေး ဆီနိုဗက် ၏ အကျိုးအကြောင်း အဆိုးအကောင်း

0
131

ဘေဂျင်းအခြေစိုက် တရုတ်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Sinovac Biotech က ထုတ်လုပ်တာဖြစ်လို့ ဆီနိုဗက် (Sinovac) ကာကွယ်ဆေးလို့ အလွယ်ခေါ်ကြတာလည်း ဖြစ်နိုင်ပါတယ်။

အခုတလော ဆီနိုဗက် ကာကွယ်ဆေးနဲ့ပတ်သက်လို့ လူပြောသူပြောများလျှက်ရှိပါတယ်။ တရုတ်နိုင်ငံထုတ်ဖြစ်တာရယ်၊ ကာကွယ်ဆေးရဲ့ အာနိသင်နဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒေသတွင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဆီနိုဗက် ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံထားပြီးဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်း ၇၀၀ လောက် ကိုဗစ်ပိုးကူးစက်ခံခဲ့ရပါတယ်။ ဒီအရေအတွက်ဟာ ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးရဲ့ ၆ ရာခိုင်နှုန်း – ၇ ရာခိုင်းနှုန်းလောက် ရှိပါတယ်။ ကိုဗစ်ကာကွယ်ကုသရေးမှာ ရှေ့တန်းက တိုက်ပွဲဝင်နေသူတွေဖြစ်တာကြောင့် စိုးရိမ်စရာကောင်းတာလည်း အမှန်ပဲဖြစ်ပါတယ်။

သတင်းဆောင်းပါးတစ်ပုဒ်မှာတော့ ထိုင်းနိုင်ငံမှာ အယ်လ်ဖာနဲ့ ဒယ်လ်တာ မျိုးဗီဇနှစ်ခုပေါင်း ဗိုင်းရပ်စ်ပိုး မျိုးကွဲသစ်တစ်မျိုးကိုလည်း ထပ်မံတွေ့ရှိနေရတယ်လို့ ဆိုပါတယ်။ ဆီနိုဗက် ကာကွယ်ဆေးက အဲဒီမျိုးကွဲသစ် ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်စွမ်းရှိသလားဆိုတာကိုတော့ အခုထိ မသိကြသေးပါဘူး။

ထိုင်းပြည်သူတွေအနေနဲ့ ဆီနိုဗက် ကာကွယ်ဆေးထိုးပေးတာကို လက်ခံဖို့ ငြင်းဆန်လာကြတာကိုလည်း တွေ့နေရပါတယ်။ ဆီနိုဗက် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားပြီးသူတွေက ဒုတိယအကြိမ်မှာ ဆီနိုဗက် မဟုတ်တဲ့ AstraZeneca တို့လိုမျိုး အရည်အသွေးပိုကောင်းတဲ့ တခြားကာကွယ်ဆေး တစ်မျိုးမျိုးထိုးပေးတာကို လိုလားနေကြပါတယ်။

ဆီနိုဗက် ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးထားပြီးတဲ့သူတွေအနေနဲ့လည်း တတိယအကြိမ်အဖြစ် တစ်ခြားကာကွယ်ဆေး တစ်မျိုးမျိုးကို ထပ်မံထိုးနှံပေးဖို့ လိုလားနေကြသလို ထိုးပေးဖို့လည်း တာဝန်ရှိသူတွေက စဉ်းစားနေကြပါတယ်။

စင်ကာပူနိုင်ငံကတော့ အစိုးရရဲ့ အစီအစဉ်အရမဟုတ်ဘဲ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာ ဆီနိုဗက် ကာကွယ်ဆေးကို မိမိဘာသာ ထိုးယူလိုသူတွေကို ထိုးယူနိုင်ဖို့တော့ ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ဆီနိုဗက် ကာကွယ်ဆေးသာ ထိုးထားတဲ့ နိုင်ငံခြားသားတွေကို အစိုးရက ပြည်ဝင်ခွင့်မပေးပါဘူး။

WHO အနေနဲ့ ဆီနိုဗက် ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုနိုင်မှုစာရင်း (Emergency Use Listing – EUL) မှာ ထည့်သွင်းခွင့်ပြုထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ထိရောက်မှုအပိုင်း ကိုတော့ ပြန်လည်ဆန်းစစ်ဖို့ကို EUL ရဲ့ လုပ်ငန်းစဉ်မှာ ထည့်သွင်းထားပါတယ်။

ဇွန်လ ၉ ရက်နေ့အထိ စာရင်းတွေအရ ဆီနိုဗက် ကာကွယ်ဆေးထိုးပေးဖို့ နိုင်ငံပေါင်း ၂၆ နိုင်ငံက လက်ခံအတည်ပြုပေးထားတာကို တွေ့ရပါတယ်။

ဆီနိုဗက် ကာကွယ်ဆေးဟာ ယခင်က ဖြစ်ပွားဖူးခဲ့တဲ့ SARS – Cov – 2 အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဆီနိုဗက် ဟာ ကိုဗစ်အတွက်ရည်ရွယ်ထုတ်လုပ်ထားတာမဟုတ်တဲ့ inactivated vaccineသာ ဖြစ်ပါတယ်။

အချက်အလက်တွေအရ ဆီနိုဗက် ကာကွယ်ဆေး ထိုးနှံခဲ့သူတွေရဲ့ ၁၃ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းလောက်ဟာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး ၂၈ ရက်အတွင်းမှာ ဆေးထိုးထားတဲ့ နေရာတစ်ဝိုက် နာကျင်တာကို ခံစားကြရပါတယ်။ ဒါပေမယ့် တခြားသော ကာကွယ်ဆေးတွေကို ထိုးနှံပြီးရင်လည်း အခုလို လက္ခဏာမျိုးကို ခံစားရနိုင်ပါတယ်။

ဆီနိုဗက် ကာကွယ်ဆေးရဲ့ တစ်ခြားဘေးထွက်ဆိုးကျိုးတွေကတော့ ပင်ပန်းနွမ်းလျခြင်း၊ ဝမ်းလျှောခြင်းနဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရောဂါလက္ခဏာတွေဟာ နှစ်ရက် လောက်အကြာမှာ သက်သာပျောက်ကင်းသွားပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေထိုးပြီးလို့ ဖျားနာမှုခံစားရတဲ့သူတွေကတော့ ရာခိုင်နှုန်းအားဖြင့် အင်မတန်နည်းလှပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးတဲ့နောက်မှာ သွေးခဲတဲ့ဝေဒနာကို ခံစားရပြီး အသက်ဆုံးရှုံးရသူတွေလည်း ရှိခဲ့ပါတယ်။ ကာကွယ်ဆေးထိုးသင့်သူနဲ့ မထိုးသင့်သူတွေကိုတော့ သိပြီးဖြစ်မယ်ထင်လို့ ဒီနေရာမှာ မဖော်ပြတော့ပါဘူး။

ကနဦးတွေ့ရှိချက်တွေအရ ဆီနိုဗက် ကာကွယ်ဆေးဟာ ကိုဗစ်ကာကွယ်ဖို့ထုတ်လုပ်ထားတာမဟုတ်ပေမယ့် လူတွေရဲ့ သွေးထဲမှာရှိတဲ့ ကိုယ်ခံအားစနစ်ကို အားကောင်းစေတဲ့ ပဋိပစ္စည်း(antibody)ကို တိုးစေတယ်လို့ လက်ခံထားကြပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဆီနိုဗက် ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးထားပြီးတဲ့သူတွေမှာ antibody levels ဟာ ဒုတိယအကြိမ်ထိုးအပြီး ရက်၄၀ ကြာတိုင်းမှာ တစ်ဝက်လောက် ကျဆင်းလာတာကို တွေ့ရှိရကြောင်း ဆိုပါတယ်။ ဒီလေ့လာတွေ့ရှိချက်ကိုတော့ Thammasat University’s faculty of medicine နဲ့ the National Centre for Genetic Engineering and Biotechnology တို့ ပူးတွဲပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Sinovac ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံပြီးသူ ၅၀၀ ဦးကို လေ့လာခဲ့ရာမှာ ရက်ပေါင်း ၄၀ကြာတိုင်း antibody levels ဟာ ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းနေတာကို တွေ့ရတယ်လို့ သုတေသနအဖွဲ့ကို ဦးဆောင်ရာမှာ ပါဝင်ခဲ့သူ Mr. Ananက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။

အသက် ၄၀ နဲ့ အထက် အရွယ်တွေဟာ လူငယ်တွေထက် antibody levels ပိုနိမ့်တယ်လို့ ဆိုပါတယ်။ အသက်ပိုကြီးလေ ခုခံနိုင်မှုစွမ်းအား ပိုကျဆင်းလေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မည်သို့ပင်ဆိုစေကာမူ ကာကွယ်ဆေးတစ်မျိုးမျိုးကို ထိုးနှံထားခြင်းမရှိသူတွေဟာ ကာကွယ်ဆေးတစ်မျိုးမျိုးကို ထိုးနှံထားပြီးသူတွေထက် သေဆုံးမှုရာနှုန်း ပိုမြင့်နေတာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ၇ ဦးမှာ ၂ ဦးက ကာကွယ်ဆေးထိုးထားပြီးသူတွေ ပါဝင်နေခဲ့ပါတယ်။ ဒါပေမဲ့ မည်သည့်ကာကွယ်ဆေးကို ထိုးထားတယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ကိုဗစ်ကြောင့် သေဆုံးမှုရာခိုင်နှုန်းကို ပြန်ကြည့်ရာမှာ ကာကွယ်ဆေးထိုးပြီးတဲ့အုပ်စုက သေးဆုံးမှု ဝ.၂ ရာခိုင်နှုန်း ရှိနေခဲ့ပြီး၊ ကာကွယ်ဆေးထိုးမထားတဲ့အုပ်စုက သေဆုံးမှုနှုန်း ၂.၈ရာခိုင်နှုန်းအထိ ရှိနေတာကို တွေ့ရပါတယ်။

ဒါကတော့ ထိုင်းနိုင်ငံတစ်ခုတည်းအတွက် လေ့လာတွက်ချက်ထားတာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရာခိုင်နှုန်းဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ဆက်လက်လေ့လာကြရမှာ ဖြစ်ပါတယ်။

ကိုးကား _ https://www.bangkok post.com/Thailand/Sinovac-produced antibodies ‘halve every 40 days’
https://www.reuters.com/world/asia-pacific/Thailand to combine Sinovas, AstraZeneca vaccine doses to boost protection – minister
https://www.bangkok post.com/Thailand/Sinovac dumped as second-dose vaccine in favour of AstraZeneca
https://www.who.int/The Sinovac covid-19 vaccine: what you need to know
https://www.medicalnewstoday.com/Sinovas(CoronaVac)COVID-19 vaccine: safety and side effects