တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသောင်းနီးပါးရှိ ဟုဆို

0
195

တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသောင်းနီးပါးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေးကို ပထမအသုတ်တွင် လူဦးရေ ၄၇ဝဝဝ ကျော်အား ထိုးပေးထားပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်းကာကွယ်ဆေးကို ဒုတိယအသုတ်တွင် ၂၁၀၀ ကျော်အား ကာကွယ်ဆေးထိုးထားပြီးဖြစ်ကြောင်း အထက်ပါဌာန၏ တိုးချဲ့ကာကွယ်ဆေး/ကူးစက် ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

“အခု ဒုတိယအသုတ်ရတဲ့ ကာကွယ်ဆေးကို မြို့နယ် ၉ ခုမှာတော့ ထိုးပြီးနေပြီ၊ ထားဝယ်က မနေ့က စထိုးတယ်၊ တရုတ်နိုင်ငံထုတ်ဆေးပေါ့၊ ဆိုင်နိုဖမ်းလို့ခေါ်တယ်၊ ဆေးတစ်လုံးကို တစ်ယောက်ပဲ ထိုးလို့ရတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူးက ဆိုသည်။

အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေးတစ်လုံးလျှင် လူ ဆယ်ဦးမှ ၁၁ ဦးခန့်အထိ ထိုးနိုင်ပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်းကာကွယ်ဆေးတစ်လုံးလျှင် လူတစ်ဦးသာ ထိုး၍ရသည်ဟု ၎င်းက ဆိုသည်။တနင်္သာရီတိုင်းအတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေး အလုံးရေ ၈၅၀၀ ရရှိခဲ့ပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်းကာကွယ်ဆေးမှာ အလုံးရေ ၆၀၀၀ ရရှိထားသည်ဟု လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

ကာကွယ်ဆေးကို လူတစ်ဦးလျှင် ၂၈ ရက်ခြားကာ နှစ်ကြိမ်အပြည့် ထိုးနှံရကြောင်း ၎င်းက ပြောသည်။ကာကွယ်ဆေးထိုးပြီးသော်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး လိုက်နာရန် ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန်လိုကြောင်း ၎င်းက ပြောသည်။

ကိုဗစ်ကာကွယ်ဆေးကို ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး စသဖြင့် သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်ဖြင့် သက်ဆိုင်ရာ မြို့နယ်အလိုက် ကာကွယ်ဆေး(အခမဲ့)ထိုးပေးနေသည်ဟု အထက်ပါဌာနမှ သိရသည်။

ကျန်းမာရေးဝန်ထမ်းများ၊ ကိုဗစ်လူနာများအားကူညီပေးနေသည့် စေတနာ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၊ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများကို ပထမဦးစားပေး၊ ဒုတိယဦးစားပေး စသဖြင့် ဦးစားပေးအလိုက် ကာကွယ်ဆေးထိုးပေးသည်ဟု အထက်ပါဌာနထံမှ သိရသည်။

ယခု ဇူလိုင်လဆန်းခန့်တွင် ကိုဗစ်ကာကွယ်ဆေးများ ထပ်ရောက်လာရန်ရှိကြောင်း သိရသည်။တနင်္သာရီတိုင်းတွင် အသက် ၁၈ နှစ်အထက်ရှိ ကာကွယ်ဆေးထိုးနိုင်သူ လူဦးရေ ၁၁ သိန်းကျော်ရှိသည်။