ထားဝယ်တွင် နယ်စည်းမထားအဖွဲ့ လုပ်ငန်းများ ပုံမှန်ပြန်လုပ်ခွင့်ရ

0
154

တနင်္သာရီတိုင်းအတွင်း HIV ပိုးပြန့်ပွားခြင်းအား ဟန့်တားသည့် ART ဆေး ထောက်ပံ့ပေးနေသည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့၏ လုပ်ငန်းများပုံမှန်ပြန်လုပ်ခွင့်ရပြီဖြစ်ကြောင်း အနာဂတ်အလင်းရောင် ဘဝတူကူညီ ပံ့ပိုးရေးအဖွဲ့ထံမှ သိရသည်။

အနာဂတ် အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့သည် ထားဝယ်မြို့တွင် အခြေစိုက်ပြီး HIV ရောဂါပိုးရှိသူများ သောက်သုံးရသည့် ART ဆေးရရှိစေရန် နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)နှင့် ပူးပေါင်းလုပ်ကိုင်နေသည့်အဖွဲ့ဖြစ်သည်။

HIV ရောဂါပိုးရှိသူများအား ကုသပေးနေသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့၏ လုပ်ငန်းများ ရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနက ဇွန်လ ၈ ရက်နေ့တွင် အကြောင်းကြားစာပေးပို့ခဲ့ကြောင်း သိရသည်။ထိုသို့ရပ်ဆိုင်းလိုက်ပါက နေ့စဉ်သောက်နေရသည့် ဆေးဝါးပြတ်လတ်သွားပြီး အသက်အန္တရာယ်ဖြစ်လာမည်ကို HIV ပိုးရှိသူများက စိုးရိမ်နေခဲ့သည်။

ယင်းသို့သော အခြေအနေမျိုးတွင် ဆေးဝါးနှင့် ကုသမှုအပိုင်းကို ပုံမှန် အတိုင်း ပြန်လုပ်ခွင့်ရပြီဟု နယ်စည်းမထားဆရာဝန်များ အဖွဲ့၏ တာဝန်ရှိသူက ဇွန်လ ၁၇ ရက်တွင် ၎င်းထံ အကြောင်းကြားလာကြောင်း အနာဂတ်အလင်းရောင် ဘဝတူကူညီ ပံ့ပိုးရေး အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးဇော်ထွန်းက ဆိုသည်။

“ဆေးသောက်နေရတဲ့သူတွေအတွက် စိုးရိမ်ရတဲ့အခြေအနေက လွတ်မြောက်လာတာတစ်ခုကတော့ သေချာတယ်ပေါ့နော်”ဟု ဦးဇော်ထွန်းက ပြောသည်။လက်ရှိတွင် ၎င်းတို့အဖွဲ့နှင့် နယ်စည်းမထားဆရာဝန်များအဖွဲ့တို့ ပူးပေါင်းပြီး ART ဆေးပေးနေရသည့် လူနာဦးရေ ၁၄၀၀ ကျော်ရှိကြောင်း အနာဂတ် အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့ထံမှ သိရသည်။

အနာဂတ် အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့ကလည်း ART ဆေးများ ပုံမှန်ရရှိရေးအတွက် MSF ၏ လုပ်ငန်းရပ်ဆိုင်းခိုင်းသည့် ညွှန်ကြားချက်ကိုပြန်လည်သုံးသပ်ပေးရေန် ဇွန်လ ၁၀ ရက်နေ့တွင် တောင်းဆိုထားသည်။

လူနားများလိုအပ်နေသည့် ကျန်းမာရေး အကူအညီကို ရပ်နားခြင်း မပြုလုပ်ရန် မည်သည့် နည်းကို မဆို ဆွေးနွေး အဖြေရှာသွားမည်ဖြစ်ကြောင်း MSF Myanmar က ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။ယခုကဲ့သို့ လုပ်ငန်းပြန်လည် လုပ်ကိုင်ခွင့် ရရှိရန် မည်သို့ ညှိနှိုင်း ဆောင်ရွက်ခဲ့သည်ကိုမူ ထုတ်ပြန်ခြင်း မရှိပေ။

ယင်းသို့ ပြန်လည်ခွင့်ပြုလိုက်သည့်အတွက် ထားဝယ်မြို့ရှိ MSF အဖွဲ့၏ မေတ္တာရိပ်ဆေးခန်းတွင် HIV ပိုးနှင့် ပတ်သက်၍ ကာကွယ် ကုသရေးလုပ်ငန်းများ ပုံမှန်လည်ပတ်တော့မည်ဖြစ်ကြောင်း ဦးဇော်ထွန်းက ပြောသည်။ART ဆေးအား ပုံမှန်အားဖြင့် ၃ လတစ်ကြိမ်ထုတ်ပေးနေပြီး HIV ပိုးရှိသူ၏ကျန်းမာရေးအခြေအနေအပေါ်မူတည်ကာ တစ်လတစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ် ထုတ်ပေးနေကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်များမှ စတင်ကာ ART ဆေးသောက်နေရသည့် HIV ရောဂါပိုးရှိသူများကို သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ ပြန်လည်လွှဲပြောင်းပေးနေသော်လည်း လက်ရှိတွင် မလွှဲပြောင်းရသေးသူများ ကျန်နေခြင်းဖြစ်သည်။

တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF) ၏ စာရင်းများအရ တနင်္သာရီတိုင်းအတွင်း ART ဆေးသောက်နေရသည့် လူနာငါးထောင်နီးပါးရှိသည်။

Photo- MSF Myanmar