မုဒုံ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ဖမ်းဆီးခံရ

0
357

မွန်ပြည်နယ် မုဒုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ဒေါက်တာ ဘုန်းဝေဦးကို တပ်ကောင်စီက ဇွန်လ ၁၇ ရက်ညတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက မုဒုံမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ် (၂) တွင် NLD ပါတီ ကိုယ်စားပြုဖြင့် ဝင်ပြိုင်ခဲ့သည့် ဒေါက်တာ ဘုန်းဝေဦးသည် ရွေးကောက်ပွဲ ရှုံးနိမ့်ထားသူတစ်ဦးဖြစ်သည်။

အဆိုပါ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းအား ၎င်း၏ ဇာတိဖြစ်သည့် မုဒုံမြို့နယ် ကလော့သော့ကျေးရွာတွင် စစ်သားနှင့် ရဲ အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ကလော့သော့ရွာမှာ အဖမ်းခံလိုက်ရတယ်လို့တော့ သိရတယ်၊ အခြေအနေကတော့ ဘာမှ မသိရသေးဘူး” ဟု မွန်ပြည်နယ် NLD တာဝန်ရှိသူတစ်ဦးက ပြောသည်။မေလ ၅ ရက်နေ့တုန်းကလည်း မုဒုံမြို့နယ် NLD ပြန်ကြားရေးတာဝန်ခံ ကိုကိုဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ (၅၀၅) ဖြင့် တရားစွဲဆိုထားသည်။

၎င်းပြင် မုဒုံမြို့နယ် NLD အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ကျော့ဖြူကိုလည်း လိုက်လံဖမ်းဆီးနေပြီး ထွက်ပြေးတိမ်းရှောက်နေသည့်အတွက် လွတ်မြောက်သွားခဲ့သည်။

ပြည်နယ်အတွင်းက NLD ပါတီဝင်အချို့ကို တပ်ကောင်စီက ဖမ်းဆီးနေသည့်အပြင် NLD လွှတ်တော်ကိုယ်စားလှယ်အချို့ကိုလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သည်ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) တို့ဖြင့် တရားစွဲဆိုထားသည်။တရားစွဲဆိုခံထားရသည့် ကိုယ်စားလှယ်များထဲတွင် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သထုံမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်တို့ နှစ်ဦး ဖမ်းဆီးခံထားရပြီး ကျန်လွှတ်တော်ကိုယ်စားလှယ်များ ထွက်ပြေးတိမ်းရှောင်နေရသည်။