ထားဝယ်တွင် သေနတ်ပစ်ခံရပြီး အမျိုးသား သေဆုံး

0
145

ထားဝယ်မြို့တွင် ယမန်နေ့ညက လက်နက်ကိုင်တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကြက်စားပြင်ရပ်ကွက်နေ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဆွေမျိုးတော်စပ်သူအချို့ထံမှ သိရသည်။

အသက် ၄၃ နှစ်အရွယ် ဦးမြင့်လွင်ဦး ခေါ် ကိုအီးစာမှာ မေလ ၂၇ ရက် ည ကိုးနာရီခန့်က နေအိမ်အနီးတွင် သူငယ်ချင်းငါးဦး ထိုင်နေစဉ် ရဲ သို့မဟုတ် စစ်တပ်ကားက မီးပိတ်ပြီး မောင်းလာကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။

မီးပိတ်မောင်းလာသည့် မော်တော်ယာဉ်က ၎င်းတို့အနီးသို့ရောက်ချိန်တွင် အခြားသူများ ထွက်ပြေးသွားသော်လည်း ကိုအီးစာက ထွက်မပြေးကြောင်း ၎င်းက ပြောသည်။

ထိုနောက် ကျန်ရှိနေသည့် ကိုအီးစာအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပေါင်လုံးတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဆွေမျိုးနီးစပ်သူက ဆိုသည်။

“ဒဏ်ရာက ပေါင်လုံးမှာထိပြီး သွေးမကြောကိုထိတော့ . . . ၊ ဒီအတိုင်းထားထားတော့ သွေးလွန်ပြီးသေသွားတဲ့သဘောပါ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကိုအီးစာ၏ ရုပ်အလောင်းကို ထားဝယ်မြို့ရှိ စစ်တပ်ဆေးရုံတွင် ရှိနေကြောင်း သိရပြီး ယခုအချိန်အထိ အလောင်းထုတ်ယူခွင့်မရသေးဘဲ မေလ ၂၉ ရက်နေ့တွင် ထုတ်ပေးမည်ဟု ပြောဆိုကြောင်း ၎င်းထံမှ သိရသည်။

ကိုအီးစာမှာ အိမ်ထောင်မရှိ လူပျိုလူလွတ်တစ်ဦးဖြစ်ပြီး ငါးဖမ်းလှေတွင် စက်ဆရာကြီးအဖြစ် အသက်မွေးသူတစ်ဦးဖြစ်သည်။

ထားဝယ်မြို့တွင် ယမန်နေ့ ညပိုင်းက သေနတ်ပစ်ခတ်သံများကြား ကြားခဲ့ရပြီး မည်သူတို့က ပစ်ခတ်နေသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။