တနင်္သာရီတိုင်း လေယာဉ်ခရီးစဉ်အားလုံး မနက်ဖြန်မှစ၍ ၉ ရက်ကြာ ရပ်နားမည်

0
162

ကိုဗစ်ကပ်ဘေး ကူးစက်မှုမြင့်တက်နေသည်ဟုဆိုကာ တနင်္သာရီတိုင်းသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်အားလုံးကို မေ ၂၉ ရက်နေ့မှ စ၍ ၉ ရက် ရပ်နားမည်ဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းဆိုင်အချို့ထံမှ သိရသည်။

ထားဝယ်၊ မြိတ်၊ ကော့သောင်းသို့ ပြေးဆွဲနေသည့် လေယာဉ်ခရီးစဉ်အားလုံး မေလ ၂၉ ရက်မှစကာ ဇွန်လ ၆ ရက်နေ့အထိ ၉ ရက်ကြာ ရပ်နားမည်ဟု လေကြောင်းလိုင်းများက အကြောင်းကြားလာကြောင်း ထားဝယ်မြို့ပေါ်ရှိ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

ရန်ကုန်-ထားဝယ်၊ ရန်ကုန်-မြိတ်နှင့် ရန်ကုန်- ကော့သောင်း အစရှိသည့် ခရီးစဉ်အားလုံးရပ်နားမည်ဖြစ်သည်။
လေယာဉ်လက်မှတ်ကြိုတင်ဝယ်ထားသူများကို ဝယ်ယူသည့်နှုန်းထားအတိုင်း ပြန်အမ်းပေးနေကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။

“အားလုံး ပြန်အမ်းပေးနေပါတယ်”ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ခရီးစဉ်များအပြင် ကလေး၊ တာချီလိတ် ခရီးစဉ်များလည်း ရပ်နားလိုက်သည်ဟု သိရကြောင်း အဆိုပါ အမျိုးသမီးက ဆိုသည်။

တနင်္သာရီတိုင်းအတွင်းသို့ မြန်မာ့လေကြောင်း၊ အဲယားကမ္ဘောဇလေကြောင်းလိုင်းများက နေ့စဉ်ပြေးဆွဲနေပြီး မန်းရတနာပုံနှင့် ရွှေမြန်မာလေကြောင်းလိုင်းတို့ပေါင်းကာ တစ်ပတ်လျှင် လေးရက်နှုန်းပြေးဆွဲနေကြောင်း သိရသည်။

လေကြောင်းလိုင်းများနှင့် နီးစပ်သူတစ်ဦးကမူ မြန်မာ့လေကြောင်းက ၁၀ ရက် ရပ်နားမည်ဖြစ်ပြီး အခြားလေကြောင်းလိုင်းများက တစ်ပတ်ရပ်နားမည်ဟု ကြားသိရသည်ဟု ဆိုသည်။

သို့ရာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာလေကြောင်းလိုင်းအချို့၏ အွန်လိုင်းစာမျက်နှာတွင် တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။