ထားဝယ်နှင့် မြိတ်မှ မိုးလေဝသတိုင်တာရေး ဝန်ထမ်းသုံးဦး အလုပ်ထုတ်ခံရ

0
401

တနင်္သာရီတိုင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ မိုးလေဝသတိုင်းတာရေး ဝန်ထမ်းသုံးဦး မေလ ၁၂ ရက်က အလုပ်ထုတ်ခံလိုက်ရကြောင်း အလုပ်ထုတ်ခံရာတွင်ပါဝင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

အလုပ်ထုတ်ခံလိုက်ရသူတို့မှာ ထားဝယ်မြို့ရှိ တိုင်းဒေသကြီးမိုးလေဝသနှင့် ဇလဗေဒဦးစီးနရုံးမှ မိုးလေဝသတိုင်းတာရေး – ၃ ဝန်ထမ်းများဖြစ်သည့် ဒေါ်စုစုလှိုင်၊ ဦးရဲမင်းလတ်နှင့် မြိတ်ခရိုင်ရုံးမှ မိုးလေဝသတိုင်းတာရေး- ၃ ဒေါ်မေနှင်းဇော်တို့ဖြစ်သည်။

၎င်းတို့သုံးဦးသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သဖြင့် အလုပ်ထုတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“မတရားအလုပ်ထုတ်ခံလိုက်ရတယ်လို့ခံစားရတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

အလုပ်မထုတ်မီ လုပ်ငန်းခွင်ဝင်ရောက်ရန် ပျက်ကွက်နေမှုအတွက် လာရောက်ဖြေရှင်းရန် အကြိမ်ကြိမ်ခေါ်ယူခဲ့သေးသော်လည်း အဆုံးထိ CDM လုပ်မည်ဟုဆုံးဖြတ်ထားသဖြင့် သွားရောက်မဖြေရှင်းခဲ့ဟု ၎င်းကပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် မိုလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ဝန်ထမ်း ၅၂ ဦးကို အလုပ်ထုတ်ပယ်ကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ DMH Dawei