ရော်ဘာခြစ်သွားရာမှ ပျောက်ဆုံးနေသူတစ်ဦး ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်ခံရ

0
138

လောင်းလုံးမြို့နယ်တွင် ရော်ဘာခြစ်ရန် မေလ ၁ ရက်နေ့က နေအိမ်မှထွက်သွားသည့် အမျိုးသားတစ်ဦး တပ်ဆေးရုံတွင် ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်ခံရကြောင်း မိသားစုဝင်ထံမှ သိရသည်။

လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာနေ အသက် ၂၈ နှစ်အရွယ်ရှိ ကိုအောင်သူမှာ ရော်ဘာခြစ်ရန် ပညစ်ရွာ အသွားလမ်းရှိ ရော်ဘာခြံသို့ ထွက်သွားရာ နေအိမ်သို့ ပြန်ရောက်မလာတော့ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

ထိုကြောင့် မိသားဝင်များက မေလ ၃ ရက်နေ့တွင် ထားဝယ်ရှိ တပ်ဆေးရုံသို့ သွားရောက်စုံစမ်းရာ ကိုအောင်သူအား ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုလ်လိုက်ပြီဟု သိရကြောင်း ၎င်းက ပြောသည်။

တပ်ဆေးရုံတာဝန်ရှိမှ သေဆုံးသူ၏ ဓာတ်ပုံအထောက်အထားအား ပြသရာမှ ကိုအောင်သူသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း မိသားစုဝင်က ဆိုသည်။

“အထောက်အထားတွေအရတော့ သူ(ကိုအောင်သူ) ဆိုတာ သေချာတယ်။ ဒါပေမယ့် ကျွန်မတို့အလောင်းတောင်မမြင်ရဘူး။ ဓာတ်ပုံကို မိသားစုဝင်တစ်ဦးပဲ ကြည့်ခွင့်ရတယ်” ဟု ၎င်းက ပြောသည်။

အလောင်းအား မေလ ၂ ရက်နေ့တွင် ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်လိုက်သည်ဟု သိရကြောင်း မိသားစုဝင်က ဆိုသည်။

သေဆုံးသူ ကိုအောင်သူမှာ မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးသည်ကို မသိရကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။