ထားဝယ်တွင် သေနတ်ပစ် အဖမ်းခံရသည့် လူငယ်သေဆုံး

0
278

ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာတွင် မေလ ၂ ရက်နေ့ ညဆယ်နာရီဝန်းကျင်က သေနတ်ပစ်ခတ် အဖမ်းခံရသည့်လူငယ်မှာ သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ညဆယ်နာရီကျော်အချိန်တွင် မင်းရပ်ကျးရွာ (ထိန်လယ်) လမ်းမပေါ်၌ စစ်ကား နှင့်‌တွေ့၍ အဆိုပါ လူငယ်က ဆိုင်ကယ်ရပ်ပြီး ထွက်ပြေးရာမှ စစ်သားများက သေနတ် သုံးချက်ခန့် ပစ်ဖောက်ပြီး စစ်ကားဖြင့်ဖမ်းဆီးသွားကြောင်း ဖခင်ဖြစ်သူက ဆိုသည်။

စစ်ကားပေါ်တင်ဆောင်သွားသည့် သားဖြစ်သူကို စုံစမ်းရာ မေလ ၃ ရက်နေ့တွင် တပ်ဆေးရုံ၌ သေဆုံးလျက်တွေ့ရကြောင်း ၎င်းက ပြောသည်။

“ညက သေနတ်သံ သုံးလေးချက်ကြားရတယ်။ မနက်ကျမှ ကျွန်တော့်သားလို့ သိတယ်ရတာပေါ့နော်။ စစ်တပ်ဆေးရုံမှာဆိုလို့ သွားကြည့်မှ သေနေတာ တွေ့ရတယ်” ဟု သေဆုံးသူ၏ ဖခင်ကပြောသည်။

သေဆုံးသူမှာ အသက် ၂၀ နှစ်ဝန်းကျင်ရှိ မင်းရပ်ကျေးရွာနေ ကိုဇော်ငြိမ်းတင့်ဖြစ်ပြီး နဖူးနှင့် ခြေထောက်တွင် ဒဏ်ရာတွေ့ရကြောင်း ဖခင်ဖြစ်သူက ပြောသည်။

အဆိုပါခန္ဓာကိုယ်နေရာများတွင် ပတ်တီးစည်းထားသည့်အတွက် မည်သည့်ဒဏ်ရာဖြစ်သည်ကို မသိရကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် အလောင်းအား ထားဝယ်တပ်ဆေးရုံတွင်ပင်ထားရှိပြီး ယနေ့ အလောင်းထုတ်ယူခွင့်တောင်းထား ကြောင်း ၎င်း၏မိသားစုဝင်များထံမှသိရသည်။