တက္ကသိုလ် ကျောင်းသားတစ်ဦး အပါအဝင် ငါးဦးအဖမ်းခံရမှု သုံးဦးပြန်လွတ်

0
135
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့၊ မြောင်းပုလဲရပ်ကွက်တွင် နေထိုင်သည့် ထားဝယ်တက္ကသိုလ်ကျောင်းသားတစ်ဦးအပါအဝင် ရပ်ကွက်နေသူ ငါးဦးကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဧပြီလ ၂၉ ရက် နံနက် ၆ နာရီခန့်၌ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

၎င်းတို့နေထိုင်သည့် အနီးတဝိုက်တွင် လက်နက်လုပ်နေသည်ဟုဆိုကာ သတင်းရသဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖုန်းကို တောင်းယူစစ်ဆေးရာ ဖုန်းမရှိသဖြင့် ပြန်လွှတ်ပေးလိုက်သည်ဟု ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

“အထဲမှာ ကလေးနှစ်ယောက်ကျန်ခဲ့တယ်၊ ဖုန်းမေးတယ်ခင်ဗျာ့။ ကျွန်တော်က လူကြီးပိုင်းဆိုတော့ ဖုန်းလဲမရှိဘူးဆိုတော့၊ လူငယ်ပိုင်းကတော့ ဆန္ဒပြလိုက်သလားဆိုပြီး မေးတယ်၊ ဖုန်းထဲမှာ ကြည့်ပြီး ခေါ်ထားရစ်တယ်” ဟု ၎င်းက ဆိုသည်။

၎င်း အပါအဝင် ၎င်း၏ ဇနီးဖြစ်သူနှင့် ယင်းရပ်ကွက်တွင်နေထိုင်သူ အခြားအမျိုးသားတစ်ဦးတို့ သုံးဦးပြန်လွတ်လာပြီး အသက် ၂၁ နှစ်ခန့်ရှိ ထားဝယ်တက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုအောင်ထက်ပိုင်နှင့် ၎င်း၏အစ်ကိုဖြစ်သူ ကိုဇာနည်မောင် တို့ကိုမူ ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များက နံနက် ၆ နာရီခန့်တွင် စစ်ကား ၅ စီး ရဲနှင့် စစ်သား အင်အားအလုံးအရင်းနှင့် လာရောက်ဖမ်းဆီးကာ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင်စဉ်နှင့် စခန်းရောက်စဉ် ရိုက်နက်နှိပ်စက်ခြင်း မရှိကြောင်း ခေတ္တ အဖမ်းခံခဲ့ရသူ တစ်ဦးကဆိုသည်။