ယာဉ်မောင်းလိုင်စင် အသစ်နှင့် သက်တမ်းတိုး မလုပ်နိုင်သေး

0
379

ယာဉ်မောင်းလိုင်စင် အသစ်နှင့် သက်တမ်းတိုးခြင်းကို မလုပ်ဆောင်နိုင်သေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မတ်လနောက်ဆုံးအပတ်မှ စတင်ကာ ဆိုင်ကယ်နှင့် အိမ်စီးကား သက်တမ်းတိုးလုပ်ငန်းကိုသာ လုပ်ဆောင်ပေးနေကြောင်း အထက်ပါဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။

လက်ရှိတွင် ထားဝယ်မြို့နေရာအချို့၌ ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် စစ်ဆေးမှုများရှိနေသည်။

“ယာဉ်မောင်းလိုင်စင် အသစ်ပြုလုပ်ပေးခြင်းနဲ့ နှစ်လဲသက်တမ်းတိုးခြင်းဟာ ကိုတော့ လောလောဆယ်တော့ ညွှန်ကြားချက်မလာသေးဘူး” ဟု တိုင်းဒေသကြီးဦးစီးမှူးက ပြောသည်။

သို့ရာတွင် သင်/မောင်းလိုင်စင်ကိုမူ လက်ခံဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆိုသည်။

သင်/မောင်းလိုင်စင် သက်တမ်းသုံးလပြည့်မှသာ သတ်မှတ်အိမ်စီးကားများမောင်းမည့် ခ- လိုင်စင်လျှောက်ထားရသည်။

လက်ရှိယာဉ်သက်တမ်းတိုးရာတွင်လည်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ နောက်ပိုင်း သက်တမ်းကုန်နေသည့် ယာဉ်များကို ဒဏ်ကြေးကင်းလွတ်ခွင့်ပေးထားကြောင်း အထက်ပါဌာနထံမှ သိရသည်။

“ကိုဗစ်ကာလမှာ (ရုံးလုပ်ငန်း) ပိတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့က ဒဏ်ကြေးကင်းလွတ်ခွင့်ရှိတယ်”ဟု တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။

လက်ရှိတွင် ကညနရုံးဝင်းအတွင်း စစ်သားများ တပ်စွဲထားသည်။

ပုံစာ – ကနည ရုံးကို ၂၀၂၀ မတ်လအတွင်းက တွေ့ရစဉ်