လောင်းလုံးတောင်ပိုင်း ကျေးရွာ သပိတ်စစ်ကြောင်း သေနတ်ပစ်ဖောက်လူစုခွဲခံရ

0
171

လောင်းလုံးမြို့တောင်ဘက်ကျေးရွာများစုပေါင်းထားသည့် ပူးပေါင်းသပိတ်စစ်ကြောင်းသည် သကျက်တောနယ်မြေရဲစခန်း အနီးတွင် သေနတ်ဖောက် လူစုခွဲခံရကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူနှင့် ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါ သပိတ်စစ်ကြောင်းသည် ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက သကျက်တောရွာတွင် သေနတ်ပစ်ဖောက် လူစုခွဲခံရကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ဆိုသည်။

“ရဲစခန်းရှေ့မှာက ဘယ်ရီဂိတ်တွေချထားတာ။ ပစ်တာက ရော်ဘာကျည်နဲ့ပစ်တာ။ သုံးချက်ပစ်တယ်။ လူကိုမထိဘူး” ဟု ဆန္ဒပြစစ်ကြောင်းတွင်ပါဝင်သူတစ်ဦးက ဆိုသည်။

အဆိုပါ သပိတ်စစ်ကြောင်းတွင် သကျက်တော၊ ရေဖြူ၊ ကဒက်ကြီး ၊ ကြက်ယက်တွင်း အစရှိသည့် ကျေးရွာများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများပါဝင်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူအချို့ထံမှ သိရသည်။

ဆန္ဒပြသူများက ရဲစခန်းအရှေ့မှ မဖြတ်ဘဲ မျက်နှာချင်းဆိုင်ရှိ အခြားရှောင်ကွင်းလမ်းတစ်ခုမှ သွားရန်ပြင်နေစဉ် သေနတ်ပစ်ဖောက်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။

“လမ်းလွှဲကသွားမလို့ နောက်ကစစ်ကြောင်းကို ရပ်စောင့်နေတဲ့အချိန်မှာ သေနတ်မိုးပေါ်ထောင်ပစ်လိုက်တယ်” ဟု မျက်မြင်တွေ့ရှိ‌သူ အမျိုးသားတစ်ဦးကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ရဲတပ်ဖွဲ့က ဆိုင်ကယ်သုံးစီးကို သိမ်းဆည်းသွားသော်လည်း ဒေသခံများမှ တောင်းဆိုသဖြင့် နောက်ပိုင်းတွင် ပြန်ထုတ်ပေးလိုက်သည်ဟုဆိုသည်။

အဆိုပါဖြစ်စဉ်တွင် အဖမ်းခံရသူမရှိကြောင်း ၎င်းက ဆိုသည်။

သကျက်တောရွာတွင် နယ်မြေရဲစခန်းရှိပြီ ပြီးခဲ့သည့်နှစ်ပတ်ခန့်က စစ်တပ်က ခေတ္တ တပ်စွဲခဲ့ဖူးသည်။

ပုံစာ − သကျက်တောရဲစခန်းရှေ့ မြင်ကွင်း