၀န်ကြီးချုပ်ဦးမြင့်မောင်အား မတ်လ ၄ တွင် ရုံးထုတ်မည်

0
499
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး ခံထားရသည့် ဝန်ကြီးချုပ်ဦးမြင့်မောင် ကို မတ်လ ၄ ရက်တွင် ရုံးထုတ်မည် ဖြစ်ကြောင်း ၎င်းဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။

အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နံနက်စောစောတွင် ဦးမြင့်မောင်အား ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးများအိမ်ရာသို့ ပြန်ပို့ခဲ့သည်။

ထိုနောက် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယင်းနောက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရာဇသတ်ကြီးပုဒ်မ-၅၀၅ (ခ) ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုခဲ့ကြောင်း သိရသည်။

ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူ ကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြား လူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် အကြောင်းရှိလျှင် စွဲဆိုနိုင်သော ပုဒ်မ ဖြစ်သည်။

ကျူးလွန်သည်ဟု သတ်မှတ်ခံရလျှင် ငွေဒဏ် နှစ်သိန်း ဖြစ်စေ၊ ထောင်ဒဏ် အများဆုံး ၂ နှစ် အထိ ဖြစ်စေ ချမှတ်နိုင်သည်။

ဖေဖော်ဝါရီလ ၁၉ ရက်ကတည်းက ဦးမြင့်မောင်အား အထက်ပါပုဒ်မဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲ တင်ခဲ့သည်ဟု သိထားရကြောင်း ၎င်းဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုး က ဆိုသည်။

လက်ရှိတွင် ဦးမြင့်မောင်၏ ရှေ့နေ ကိုယ်စားလှယ်လွှဲစာအား ရုံးထုတ်အမီ ရယူရန် ပြင်ဆင်နေကြောင်း ၎င်းက ပြောသည်။

အွန်လိုင်းမှစစ်ဆေးမည် သို့မဟုတ် ရုံးထုတ်စစ်ဆေးမည် ဆိုသည်ကိုမူ မသိရသေးကြောင်း ဦးအောင်ဇာနည်စိုး က ဆိုသည်။

လက်ရှိတွင် ဦးမြင့်မောင်အား အကျဉ်းထောင်တွင် ဖမ်းဆီးထားသည် ဟု သိထားရပြီး ရှေ့နေလိုက်ပေးရန် ဦးမြင့်မောင်က ၎င်းထံ ဖုန်းဆက်လာကြောင်း ၎င်းက ရှင်းပြသည်။

“တရားစွဲတင်တဲ့နေ့က ဖုန်းဆက် လာတယ်ခင်ဗျ။ အမှုလိုက်ပါဆောင် ရွက်ပေးဖို့ အနေအထားတစ်ခုတော့ အဆက်အသွယ် ရတယ်ခင်ဗျား” ဟု ဦးအောင်ဇာနည်စိုးက ပြောသည်။

ဦးမြင့်မောင်က ၎င်းထံ ရဲအရာရှိ တစ်ဦး၏ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက် တနင်္သာရီ တိုင်းအတွင်း ပုဒ်မ-၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံရသူ နှစ်ဦးရှိပြီဖြစ်သည်။

ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းတို့ဖြစ်သည်။