မြိတ်ကင်းသမားများ အဖမ်းခံရမည်စိုး

0
262
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့ပေါ် ရပ်ကွက်တို့ရှိ လမ်းအသီးသီးတွင် ညအချိန် အမျိုးမျိုးသော လုံခြုံရေးအတွက် ကင်းစောင့်နေကြသော ကင်းသမားများ အဖမ်းခံရမည်ကို စိုးရိမ်နေကြသည်။

မြိတ်မြို့တွင် ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းက ရပ်ကွက်တို့တွင် မျက်နှာစိမ်းလူများ ဝင်ရောက်ခဲ့သဖြင့် အထိတ်တလန့်ဖြစ်ရပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ကင်းစောင့်နေကြကြောင်း မြိတ်တောင်နယ်မြေရှိ ကင်းသမား တချို့မှ သိရသည်။

ရပ်ကွက်တို့ရှိ လမ်းသွယ်လမ်း ကြားထိပ်တို့တွင် သစ်ဝါးတန်းဖြင့် အတားအဆီးပြုလုပ်ပြီး လမ်းနေသူများ စုပေါင်းကာ ကင်းစောင့်နေကြခြင်း ဖြစ်သည်။

ထိုသို့ ကင်းစောင့်နေစဉ် အရန်မီးသပ် တပ်ဖွဲ့ဝင်များအပါအဝင် ကင်းသမား တစ်ဆယ်ဦးကျော်ခန့်အား ဖေဖော်ဝါရီ လ ၂၀ ရက်က ညကင်းလှည့် စစ်ယာဉ်တန်းမှ ဖမ်းဆီးခဲ့သဖြင့် ထပ်မံအဖမ်းခံ ရမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

အဖမ်းခံရသည့် ကင်းသမား ၁၃ ဦးသည် ထောင်ဒဏ်တစ်လချမှတ်ခံရကြောင်း မြို့သစ်ရပ် ရွှေမင်းဝံလမ်းနေ ကင်းသမား၏ မိသားစုဝင်တစ်ဦးထံမှ သိရသည်။

”ဖမ်းပြီး ရဲစခန်းမှာ တစ်ခါပဲတွေ့ ရတယ်” ဟု အထက်ပါ ကင်းသမား၏ ဇနီးဖြစ်သူက ပြောသည်။

ကင်းသမားတို့အား တရားရုံးမှ အမိန့်ချခြင်းကို မသိရှိရဘဲ ‌အကျဉ်းထောင်တွင် ထောင်ဝင်စာပို့ခွင့်ရပြီးနောက် လူချင်းတွေ့ခွင့် ရခဲ့ကြောင်း အဖမ်းခံရသည့် ကင်းသမား၏ ဇနီးက ပြောပြသည်။

ယင်းကဲ့သို့ ကင်းသမားများ ဖမ်းဆီး ထောင်ချခံရပြီးနောက် ကင်းစောင့်သည့် လမ်းများ လျော့နည်းလာပြီး ညသန်း ခေါင်အချိန်အထိသာ ကင်းစောင့်နေရကြောင်း မြိတ်တောင်ရပ်ရှိ ညကင်းစောင့်သူ တစ်ဦးက ပြောပြသည်။

”စစ်ကားလာပြီဆိုရင် အမှောင်ထဲ ဝင်နေရတာ” ဟု အထက်ပါ ညကင်း စောင့်က ပြောသည်။

တပ်အာဏာသိမ်းပြီးနောက် ပုဒ်မ ၁၄၄ အရ ညရှစ်နာရီမှ နံနက် လေးနာရီ အချိန်အထိ ညမထွက်ရအမိန့် ထုတ်ပြန် ထားသည်။