အာဏာသိမ်းပြီးနောက် တပ်ထုတ်ဘီယာ ရောင်းအားကျ

0
169
Dawei Watch, Dawei News, Dawei News Media

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့တွင် တပ်ထုတ်ဘီယာများ ရောင်းအား သိသိသာသာ ကျသွားကြောင်း စားသောက်ကုန်ရောင်းချသည့် ဆိုင်အချို့ထံမှ သိရသည်။

တပ်ထုတ်ပစ္စည်းများဖြစ်သည့် မြန်မာဘီယာနှင့် ဒဂုံဘီယာမှာ ရောင်းအားကျဆင်းသွားပြီး ပုံမှန်ဖောက်သည်များက အခြားတံဆိပ်ဘီယာအား ပြောင်းလဲဝယ်ယူလာကြကြောင်း ဒေါင်းငူရပ် ကွက်ရှိ စားသောက်ကုန် ရောင်းချသည့် အသက် ၃၀ ကျော်အရွယ်ရှိ ဆိုင်ရှင် အမျိုးသားက ဆိုသည်။

“အရင်ထက်စာရင်တော့ တော်တော်လေးကိုပဲ ရောင်းအားကျသွားတယ်လို့ ပြောလို့ရတယ်။ အရင်က မြန်မာ ဘီယာ ဝယ်ရောင်းတဲ့သူတွေက အခုဆိုရင် အခြားတံဆိပ်ဘက် ပြောင်းသွားတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ရှမ္မလည်ဆွဲရပ်ကွက်ရှိ ဘီယာ လက်လီလက်ကား အရောင်းဆိုင်တွင်လည်း မြန်မာဘီယာဝယ်ယူသူ နည်းပါးလာသည်ဟု ဆိုင်ပိုင်ရှင်အမျိုးသမီးက ဆိုသည်။

“အာဏာသိမ်းပြီးကတည်းက ရောင်းအားကျသွားတာ အခုထိပါပဲ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထို့အပြင် ရူဘီဆေးလိပ်နှင့် မိုင်တဲ ဆင်းကတ်ဝယ်ယူသူလည်း သိသိသာသာ လျော့နည်းသွားကြောင်း ထားဝယ်မြို့ အတွင်းရှိ ဆိုင်ပိုင်ရှင်အချို့က ပြောဆို ကြသည်။

တပ်မတော်အာဏာသိမ်းပြီးနောက် တပ်ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲ ခြင်းမလုပ်ရန် တိုက်တွန်းပြောဆိုနေကြသည်။