အောင်ဘာလေထီ နှစ်ဘက်ညှပ်

0
169
အောင်ဘာလေထီ နှစ်ဘက်ညှပ်

တပ်အာဏာသိမ်းပြီးနောက်ပိုင်း အောင်ဘာလေထီ ရောင်းချသူတို့မှာ တစ်ဘက်တွင် ရောင်းအားထိုးကျ နေသည့်အပြင် တစ်ဘက်တွင် ကြိုသွင်း ထားရသည့် စပေါ်ငွေများကြောင့် နှစ်ဘက်ညှပ် အခက်တွေ့နေရသည်ဟု စုံစမ်း သိရှိရသည်။

ကိုဗစ်ကာလအတွင်း ပြည်သူတို့၏ စီးပွားရေးကျပ်တည်းမှုတို့ကြောင့် ထီမရောင်းရဘဲ အရှုံးပေါ်ခဲ့ရသည့် ထီဆိုင်ပိုင်ရှင်များမှာ အာဏာသိမ်းပြီးနောက်တွင်လည်း အရှုံးနှင့်ထပ်မံရင်ဆိုင်နေရကြောင်း ထားဝယ်မြို့ရှိ ထီဆိုင်ပိုင်ရှင် အချို့က ဆိုသည်။

တပ်ကအာဏာသိမ်းထားသည့် ကာလအတွင်း ထားဝယ်မြို့ရှိ အောင်ဘာ လေထီဆိုင်များသည် ဈေးဦးမပေါက်သူ၊ မှာယူထားသည့် ထီစာအုပ်၏ သုံးပုံတစ် ပုံပင်ရောင်းမကုန်သူတို့ဖြစ်ပေါ်နေကြသည်ဟု ၎င်းတို့က ထုတ်ဖော်ပြောဆို ကြသည်။

“ထီအကြောင်းတော့လာပြောမနေ နဲ့တော့။ ဆိုင်တွေအကုန်လုံး ဒုက္ခတွေ့ နေကြတယ်။ ဆိုင်ခန်းငှားခတောင်ပေးလို့ လောက်မှာမဟုတ်ဘူး” ဟု ရွှေမြန်မာထီ ဆိုင်တွင် ဝယ်ယူရောင်းချနေသည့် ထားဝယ်မြို့က ထီဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးက ဆိုသည်။

အာဏာသိမ်းထားသည့် လက်ရှိ အနေအထားတွင် ထီလုပ်ငန်းရှင်များ များရင်းနှီးမြှုပ်နှံထားပါက များများ အရှုံးပေါ် မည်ဖြစ်ပြီး နည်းနည်းရင်းနှီး ထားလျှင် နည်းနည်းအရှုံးပေါ်မည်ဖြစ်ကြောင်း ထားဝယ်မြို့ပေါ်ရှိ လူကြီးမင်း ထီဆိုင်ပိုင်ရှင် ဦးရှမ်းလေးကဆိုသည်။

“အခုဆို ကျွန်တော့်မှာ မရှုံးဘူး ဆိုရင် သိန်းငါးဆယ်အထက်မှာပဲ” ဟု ဦးရှမ်းလေးက ဆိုသည်။

ယင်းကဲ့သို့ ဆက်လက်အရှုံးပေါ်နေ မည်ဆိုပါက လာမည့်လမှစပြီး ထီရောင်း ချခြင်းကို ရပ်နားတော့မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဦးရှမ်းလေးနည်းတူ အခြားထီဆိုင် ပိုင်ရှင်တို့ကလည်း ထီရောင်းချခြင်းဖြင့် စီးပွားရေးလုပ်နေခြင်းကို ပြန်လည်သုံး သပ်ရတော့မည်ဟု ပြောဆိုသူတို့လည်း ရှိသည်။

နှစ်ဘက်စာချုပ်ချုပ်ဆိုထားခြင်း မရှိသည့် ထီဆိုင်ပိုင်ရှင်များက ထီရောင်းချခြင်းကိုရပ်နားရန်ဖြစ်နိုင်သော်လည်း မိုးယံကဲ့သို့သော ကုမ္ပဏီတို့နှင့် စာချုပ် ချုပ်ဆိုပြီး စပေါ်ငွေကြိုသွင်းထားရသူတို့မှာ လွယ်လွယ်နှင့် ထီရောင်းခြင်းကို ရပ်နားလိုက်ရန်မဖြစ်နိုင်ပေ။

မိုးယံရွှေလမင်းကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုပြီး စပေါ်ငွေကြိုသွင်းထားရသည့် ဦးစိုးဝင်းလှိုင်တို့ကဲ့သို့ ထီဆိုင်ပိုင်ရှင်များမှာ ထီရောင်းခြင်းကို ရပ်နားလိုက်ပါက စပေါ်ငွေဆုံးခြင်း၊ အမည်ပျက်စာ ရင်းသွင်းခံရခြင်းတို့ဖြစ်လာမည်ဖြစ်သည်။

“ချည်ပြီးတုပ်ပြီးသား။ မယူဘူး၊ မရောင်းတော့ဘူးဆိုရင် အမည်ပျက် စာရင်းသွင်းတယ်။ စပေါ်ငွေတွေဆုံးတယ်” ဟု ထားဝယ်မြို့က ထီဆိုင်ပိုင် ရှင်တစ်ဦးဖြစ်သူ ဦးစိုးဝင်းလှိုင်က ဆိုသည်။

၎င်းတို့သည် ၁၁ စောင်ပါ ထီစာ အုပ်တစ်အုပ်လျှင် နှစ်ရာကျပ်နူန်းဖြင့် သုံးလအတွက် ခြောက်ရာကျပ်ကြိုသွင်း ထားရသည်။ ထီအုပ်ရေတစ်သောင်း ဆိုလျှင် သိန်းခြောက်ဆယ်ကျပ်ကို စပေါ် ငွေအဖြစ် ကြိုသွင်းထားကြရသည်။ ယင်းအတွက်ကြောင့် ထီရောင်းအားထိုးကျနေသည့် ယခုအချိန် များများရင်းနှီးလျှင် များများအရှုံးပေါ်သည်ဟု ဆိုခြင်းဖြစ် သည်။

သွင်းထားသည့်စပေါ်ငွေကိုမူ တစ်နှစ်ပြည့်လျှင်ပြန်ရကြသည်။ သို့သော် ယမန်နှစ်ကသွင်းထားသည့် စပေါ်ငွေ ပြန်မရမီ လာမည့်နှစ်အတွက် စပေါ်ကြို သွင်းရသည်ဟုဆိုသည်။

ယင်းအပြင် မတ်လတွင်ရောင်းမည့် ထီစာအုပ်များအတွက် ဖေဖော်ဝါရီလ ကတည်းက ကြိုပေးထားရကြောင်း ၎င်းက ဆိုသည်။ ယင်းအတွက်ကြောင့် လက်ရှိထီမထိုးရန် ပြောဆိုနေမှုများသည် အစိုးရတွင် ထိခိုက်မှုမရှိဘဲ ထီလုပ်ငန်း ရှင်တွင်သာ ထိခိုက်မှုရှိသည်ဟုလည်း ဆိုကြသည်။

ပြည်သူတို့ကမူ လက်ရှိအခင်း အကျင်းအရ ထီဖွင့်/ မဖွင့်မသေချာသဖြင့် ထီမထိုးသူရှိသလို အစိုးရထီမထိုးဘဲ သပိတ်မှောက်နေကြသူတို့လည်းရှိသည်။