မြိတ်တွင် နေအိမ်နှင့် ဈေးဆိုင်ခန်းများ မီးလောင်

0
174
Dawei Watch, Dawei News, Dawei News Media

မြိတ်-တနင်္သာရီ ကားလမ်းမကြီးပေါ်ရှိ ပသောင်းကျေးရွာတွင် ဇန်နဝါရီ လ ၃၁ ရက်နေ့ နံနက် နှစ်နာရီခွဲ အချိန်ခန့်တွင် နေအိမ်နှင့် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာထံမှ သိရသည်။

ပသောင်းကျေးရွာရှိ နှစ်ထပ် နေအိမ်တစ်ဆောင်၏ အောက်ထပ်အတွင်းရှိ လျှပ်စစ် မိန်းခုံရှော့ ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာမှ ကွန်ကရစ်ခင်း နှစ်ထပ်အိမ်တစ်ဆောင်အပါအဝင် စုစုပေါင်း နေအိမ်သုံးဆောင် မီးလောင်ကျွမ်းခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီး ဌာနထံမှ သိရသည်။

မီးလောင်မှုကြောင့် တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ထို့ပြင် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းထားသည့် ငါးခန်းတွဲ ဈေးဆိုင်ခန်းတစ်ဆောင်၊ ကွမ်းယာဆိုင်တစ်ဆိုင်၊ ကုန်စုံဆိုင်တစ် ဆိုင်၊ မော်တော်ဆိုင်ကယ်နှစ်စီး၊ စက်ဘီးနှစ်စီး၊ စပါးတင်းတစ်ရာကျော်နှင့် ကုန်ခြောက်ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ ဝင်များနှင့် မီးသတ်ယာဉ်များ၊ ရဲတပ်ဖွဲ့ ဝင်များ၊ တပ်မတော်သားများနှင့် ကျေးရွာ နေသူတို့မှ ရေဂါလန်တစ်သောင်းကျော်ခန့် အသုံးပြုပြီး မီးငြိမ်းခဲ့ရာ နံနက် သုံးနာရီ ခွဲအချိန်ခန့်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း မြိတ်တွင် မီးလောင်မှုများ ဆက်တိုက် နီးပါးဖြစ်ပေါ်နေရကြောင်း သိရသည်။