ဒီရေတောအား ခွင့်ပြုချက်မဲ့ ရှင်းလင်းမြေဖို့နေမှု အမြန်ဆုံးတားဆီးပေးရန် တိုင်ကြား

0
147
လောင်းလုံးမြို့နယ်အတွင်းရှိ ဒီရေတော

လောင်းလုံးမြို့နယ်အတွင်းရှိ ဒီရေတောအား ခွင့်ပြုချက်မရှိဘဲ မြေဖို့ရှင်းလင်း နေခြင်းအား အမြန်ဆုံးတားဆီးပေးရန် ဒေသခံများက တိုင်ကြားလိုက်သည်။

အောက်ကျောက်ဝပ်ကျေးရွာအုပ်စု၊ ထောင့်နန်းကျေးရွာရှိ ဒီရေတောအား အခြားဒေသခံ လေးဦးက ခွင့်ပြုချက်မရှိဘဲ မြေဖို့ရှင်းလင်းနေသည့်အတွက် ဒေသခံတစ်ရာနီးပါး လက်မှတ်ထိုးကာ လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးထံ ဇန်နဝါရီလ ၂၈ ရက်က တိုင်ကြား လိုက်ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရှင်းလင်းမြေဖို့နေမှုကြောင့် ဒီရေတောပျက်စီးကာ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းအပေါ် ထိခိုက်လာနိုင်ခြင်း၊ ရေကြီးမှုကဲ့သို့သော သဘာဝဘေးဖြစ်လာနိုင်ခြင်းနှင့် ဒီရေတောရှိ ဇီဝမျိုးစုံမျိုးကွဲများ လျော့ပါးလာနိုင်ခြင်းတို့အပေါ် ဒေသခံများက စိုးရိမ်နေကြကြောင်း တိုင်ကြားစာတွင် ဖော်ပြသည်။

ယင်းဒီရေတောမှာ ဒေသခံများ၏ စားဝတ်နေရေးနှင့် သဘာဝဘေးကို ကာကွယ်ပေးနေသည့် အဓိကအသက် သွေးကြောဖြစ်နေသည့်အတွက် ကန့်ကွက်တိုင်ကြားရခြင်းဖြစ်ကြောင်း တိုင်ကြားရာတွင် ပါဝင်သည့် ကိုဝိုင်းချို က ဆိုသည်။

“မိုး‌တွင်းဆို ပင်လယ်ထွက် မရတော့ဘူး။ ဒါကိုပဲ အမှီပြုပြီး ရှပ်ကောက်၊ ဂျင်းကောက်နဲ့ ဝမ်းရေးကို ဖြေရှင်းရတယ်။ ဒီရေတော မပျက်စီးဘူးဆိုရင် သဘာဝဘေးဒဏ်လည်း အထိုက်အလျောက် ခံသာမယ်” ဟု ကိုဝိုင်းချိုက ပြောသည်။

ဇန်နဝါရီလ တတိယအပတ်ကလည်း ထိုကဲ့သို့ ရှင်းလင်းမြေဖို့နေမှုအပေါ် တားဆီးပေးရန် ဒေသခံများ လက်မှတ်ထိုးပြီး အောက်ကျောက်ဝပ် ကျေးရွာအုပ်စု ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီနှင့် သစ်တော ဦးစီးဌာနထံ တိုင်ကြားခဲ့သည်။

ထိုသို့တိုင်ကြားပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက တရားမဝင် လုပ်ဆောင်နေမှုများကို တားဆီးခဲ့ပြီး ခံဝန်ထိုးခိုင်းထားကြောင်း တိုင်ကြားစာတွင် ဖော်ပြသည်။

ထိုသို့ ခံဝန်ထိုးခိုင်းထားသော်လည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးဝိုင်းချိုက ဆိုသည်။

တိုင်ကြားထားသည့်ကိစ္စနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၉ ရက်တွင် ဒီရေတောအား ရှင်းလင်းမြေဖို့နေသူ များကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူပြီး လုပ်ငန်းဆက်မလုပ်ရန် ညွှန်ကြားခဲ့ကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထူးက ဆိုသည်။

“ဒီနေ့ ရုံးမှာပဲ ဆယ်နာရီခွဲလောက် က ခေါ်ညှိထားပြီးပါပြီ။ လုပ်ငန်းရပ်ထားဖို့နဲ့ ဆက်မလုပ်ဖို့ပါ” ဟု ဦးကံထူးက ပြောသည်။

အောက်ကျောက်ဝပ်ကျေးရွာသည် ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်ဘုရားသို့ သွားရာလမ်းပေါ်တွင် တည်ရှိသည်။