ထားဝယ်တွင် ကိုဗစ်ကာကွယ်ဆေး အလှူငွေ သိန်း ၇၀ဝ ကျော်ရ

0
180
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင်တွင် ကိုဗစ်ကာကွယ် ဆေးဝယ်ရန် လာရောက်လှူဒါန်းထားသည့် အလှူငွေ ကျပ်သိန်း ၇၅၀ ရရှိ ထားပြီဖြစ်ကြောင်း COVID-19 ထိန်းချုပ် ကာကွယ်ရေးလူထုအခြေပြုအထောက်အကူပြုအဖွဲ့(ထားဝယ်ဒေသ) ထံမှ သိရသည်။

ထားဝယ်ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းရှင်များမှ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် လာရောက်လှူဒါန်းသည့်ငွေ အနည်းဆုံး ကျပ်ထောင်ဂဏန်းမှ အများဆုံး ကျပ်သိန်း ၅၀ ခန့်အထိ လှူဒါန်းကြသည် ဟု အထက်ပါအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။

“လာလှူသူတွေကိုတော့ လိုက်ပြီး တော့ယူပေးလိုက်တယ်ပေါ့။ သက်သက်မဲ့တော့ သွားပြီးတော့ လာလှူကြ ဘာကြဆိုတော့ သွားပြီးတော့ မတိုက်တွန်းချင်ဘူး။ အခုလည်း စီးပွားရေးအရလည်း အားလုံးကို အကျပ်အတည်းတွေလည်း ရှိနေတယ်ပေါ့နော်။ အဲဒီလိုမျိုးဆိုတော့ ဆန္ဒရှိသူ လာလှူကြပေါ့နော်” ဟု ဦးကျော်ကျော်ဦးက ဆိုသည်။

နိုင်ငံတော်မှ ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူရန် အမေရိကန်ဒေါ်လာ သန်း ၂၅၀ နှင့် ကျပ်သန်း တစ်ထောင် မတည် ရန်ပုံငွေ တစ်ရပ်ထူထောင်ထားပြီး ပြည်တွင်း ပြည်ပမှ လှူဒါန်းလိုသူများ အနေဖြင့် ပါဝင်လှူဒါန်းနိုင်ရန် ဘဏ်အကောင့် ဖွင့်ထားပေးကာ အသိပေး ကြေညာထားသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ရန် အလှူငွေကို HRD သင်တန်းကျောင်း၊ ကညုံရပ်၊ ထားဝယ်မြို့တွင် အလှူငွေ လက်ခံဆောင်ရွက်ပေးနေပြီး ကွာရန်တင်း စင်တာတွင် အကျွေးအမွေးစရိတ်များကိုလည်း ထားဝယ်ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပါဝင်လှူဒါန်းကုသိုလ်ပြုနေကြောင်း အထက်ပါအဖွဲ့ ထံမှ သိရသည်။