စစ်အာဏာသိမ်းပြီးနောက် ထားဝယ်တွင် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်

0
387
စစ်အာဏာသိမ်းပြီးနောက် ထားဝယ်တွင် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်

တပ်မတော်အာဏာသိမ်းပြီး ခုနှစ်ရက်မြောက် နေ့တွင် ထားဝယ်မြို့လမ်းမများပေါ်သို့ လူ ထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်လာကြသည်။

“စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး” ၊ “စစ်အာဏာရှင်စနစ်ကျဆုံးပါစေ” ၊ “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများ အမြန်ဆုံး ပြန်လွှတ်ပေးရေး” စသည့်ကြွေးကြော်သံများဟစ်ကြွေးပြီး ဆန္ဒထုတ်ဖော်လာကြသည်။

တပ်မတော်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်ခဲ့သည့် ထားဝယ်မြို့အတွင်း ဆန္ဒဖော်ထုတ်ပွဲ ပထမဆုံးရက်တွင် အင်အား ဆယ်ဂဏန်းသာရှိရာမှ သုံးရက်မြောက်နေ့တွင် ထောင်ပေါင်းများစွာအထိ များပြားလာခဲ့သည်။

ထားဝယ်မြို့အတွင်း ဆန္ဒဖော်ထုတ်ပွဲ ပထမဆုံးရက်

ဆန္ဒပြပွဲ ပထမနေ့နှင့် ဒုတိယနေ့များတွင် လူအင်အားတစ်ရာခန့်ရှိပြီး လမ်းလျှောက်သည့် ခရီးလည်း တိုတောင်းကာ အချိန်အားဖြင့် နာရီဝက် ပင်မပြည့်ခဲ့ပေ။

တတိယနေ့ဆန္ဒပြရာတွင်မူ အင်အားထောင်ပေါင်းများစွာပါဝင်လာပြီး တစ်မြို့လုံးနီးပါး လှည့်လည် ခဲ့ကြသည်။

ရဲတပ်ဖွဲ့ကလည်း မီးတန်းကား၊ အချုပ်ကား များကလည်း ဆန္ဒပြပွဲမတိုင်မီကပင် မြို့အတွင်း ကင်းလှည့်နေသည်။

ဆန္ဒပြပွဲစတင်ချိန်တွင် လူအင်အားဆယ် ဂဏန်းမျှသာ ပါဝင်သော်လည်း မိနစ်ပိုင်းအကြာတွင် အခြားလူရာချီ ပူးပေါင်းလာပြီး မကြာမီမှာပင် ထောင်ပေါင်းများစွာအထိ များပြားလာခဲ့သည်။ လမ်းလျှောက်ဆန္ဒပြသူများနှင့် ဆိုင်ကယ်ဖြင့် လိုက်ပါသူများလည်း ရှိသည်။

ဆန္ဒပြသည့်အချိန်မှာ နံနက် ၉ နာရီခွဲခန့်မှ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ ကြာမြင့်ခဲ့သည်။

ဆန္ဒပြရာ လမ်းတစ်လျှောက်တွင် အရပ်ဝတ် ရဲတပ်ဖွဲ့များနှင့် ထောက်လှမ်းရေးအဖွဲ့များက စောင့်ကြည့်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ လုပ်ခဲ့သော်လည်း ဖမ်းဆီးခြင်းမရှိပေ။

ရဲတပ်ဖွဲ့ဝင်အချို့အား နှင်းဆီပန်းအနီရောင် နှင့် ရေသန့်ဘူးများ ဝေနေသည်

လူထောင်ပေါင်းများစွာပါဝင်သည့် ဆန္ဒပြ စစ်ကြောင်းက ထားဝယ်မြို့အလယ်ရှိ တိုင်းအစိုးရ အဖွဲ့ရုံးအဖွဲ့ရုံးအရှေ့သို့ နှစ်ကြိမ်တိုင်တိုင် ဖြတ်သွားခဲ့သည်။

ပထမအကြိမ် ဖြတ်သန်းချိန်တွင် တိုင်းအစိုးရ အဖွဲ့ရုံးအလွန်ရှိ အထက ၁ ကျောင်းရှေ့၌ ရဲမီးတန်း ကားတစ်စီးက လမ်းပေါ်တွင် ကန့်လန့်ဖြတ်ရပ်ပြီး ခေတ္တပိတ်ဆို့ခဲ့သည်မှ လွဲ၍ တားဆီးပိတ်ဆို့မှု မရှိခဲ့ပေ။

ရဲမီးတန်းကားအနောက်တွင် အချုပ်ကား တစ်စီးနှင့် အခြားရဲကားများလည်းရှိနေခဲ့သည်။

ထိုနောက် နံနက် ၁၁ နာရီတိတိတွင် လမ်းဆုံကြီးဘက်မှ တိုင်းအစိုးရအဖွဲ့ရုံးဘက်သို့ ဒုတိယအကြိမ် တက်လာချိန်တွင်မူ စည်ပင်သာယာဈေးကြီးအရှေ့ ဘက်လမ်းဆုံတွင် ရဲတပ်ဖွဲ့မှ သံဆူးကြိုးတပ် ဘယ်ရီဂိတ်များ ချထားလိုက်သည်။

ဘယ်ရီဂိတ်များအနောက်တွင် ရဲတပ်ဖွဲ့ဝင် ဆယ်ဦးခန့်က စောင့်ကြပ်နေပြီး ဆန္ဒပြစစ်ကြောင်း ကို မျက်နှာချင်းဆိုင်လိုက်သည်။

စစ်အာဏာသိမ်းပြီးနောက် ထားဝယ်တွင် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်

ဆန္ဒပြစစ်ကြောင်းက ဘယ်ရီဂိတ်အရှေ့အရောက်တွင် ရဲတပ်ဖွဲ့တာဝန်ရှိသူက ရှေ့ဆက်မတိုးရန် တားမြစ်ခဲ့သည်။

သို့ရာတွင် လူထောင်ပေါင်းများစွာ ပါဝင်သည့် ဆန္ဒပြသူများကို မတားဆီးနိုင်ဘဲ ဘယ်ရီ ဂိတ်အားဖွင့်ပေးလိုက်ရသည်။

ထိုအချိန်တွင် ဆန္ဒပြသူများက “ပြည်သူ့ရဲ” ၊ “ပြည်သူ့ရဲ” ၊ “ပြည်သူ့ရဲ” ဟု ကြွေးကြော်ပြီး လက်ခုပ် တီးကြသည်။

ထိုနောက် အာဇာနည်လမ်းမပေါ်ရှိ တိုင်းအစိုးရအဖွဲ့ရုံး အနောက်ဘက်ဝင်ပေါက်ရှေ့တွင် ဆန္ဒပြစစ်ကြောင်းရပ်လိုက်ပြီး ဆန္ဒပြသူအားလုံး လမ်းမပေါ်ထိုင်ကာ ထိုင်သပိတ်ပုံစံဖြင့် မိနစ် အနည်းငယ်ဟောပြောခဲ့သည်။

ထိုအချိန်တွင် တိုင်းအစိုးရအဖွဲ့ရုံးအတွင်းရှိ ဝင်ပေါက်ဂိတ်၌ တပ်မတော်သား ၃ ဦးခန့်နှင့် ရဲတပ်ဖွဲ့ဝင်များက ရပ်ကြည့်နေချိန်တွင် “ပြည်သူ့ စစ်သား”၊ “ပြည်သူ့စစ်သား” ၊ “ပြည်သူ့စစ်သား”ဟု ထပ်မံကြွေးကြော်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက် ထားဝယ်တွင် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်

အစိုးရအဖွဲ့ရုံးအတွင်းမှ တိုင်းအထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးနှင့် အခြားအဆင့်များလည်း ထွက်ကြည့်နေသည်။

ယင်းနေရာတွင် ဟောပြောကြွေးကြော်ပြီး မိနစ် ၂၀ ခန့်ကြာချိန်တွင်မူ ဆန္ဒပြသူများ ဆက်လက် ချီတက်ခဲ့ရာ တိုင်းအစိုးရရုံးလမ်းဆုံတွင် စောင့်ကြည့်နေသည့် ရဲတပ်ဖွဲ့ဝင်များက ဘယ်ရီဂိတ်ကို ဖယ်ပေးလိုက်ပြန်သည်။

အဆိုပါဘယ်ရီဂိတ်မှာ တစ်လမ်းမောင်းသတ် မှတ်ထားသည့်အတွက် ပြီးခဲ့သည့် ၄ နှစ်ခန့် ကတည်းက ချထားခြင်းဖြစ်သည်။

ဆန္ဒပြသူအချို့က ယင်းနေရာတွင် ရောက်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်အချို့အား နှင်းဆီပန်းအနီရောင် နှင့် ရေသန့်ဘူးများ ဝေနေသည်။

ထိုနောက် ဆန္ဒပြစစ်ကြောင်းက ဆက်လက် ထွက်ခွာသွားပြီး ဆန်းချီရပ်ကွက်ဘက်မှပတ်ကာ ဥတ္တံတားကြီးလမ်းဆုံအရောက် နေ့လယ် ၁၂ နာရီ ခန့်တွင် လူစုခွဲခဲ့သည်။ ဆန္ဒပြရာလမ်းတစ်လျှောက်တွင် ပြည်သူများမှ ရေသန့်ဘူး၊ နှင်းဆီပန်းနှင့် နှာခေါင်းစည်းများလည်း ဝေငှနေကြသည်။

စစ်အာဏာသိမ်းပြီးနောက် ထားဝယ်တွင် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်

ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ကသာ လိုက်လံစောင့်ကြည့်နေပြီး တပ်မတော်ကမူ ပုံမှန်လုံခြုံရေးသာ ယူထားသည်ကို တွေ့ရသည်။

အဆိုပါ ဆန္ဒပြပွဲနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခြင်းတစ်စုံတစ်ရာမရှိသေးဘဲ စောင့်ကြည့်နေသည့် အနေအထားသာရှိသည်။

တပ်မတော်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့တွင် နေ့ဘက်၌ဆန္ဒပြကြသည့်အပြင် ညဘက် တွင်လည်း သံပုံးတီးခြင်းနှင့် ဟွန်းတီးခြင်းများဖြင့် ဆန္ဒထုတ်ဖော်နေသည်။

ဖေဖော်ဝါရီလ ၆ ရက်ညတွင်လည်း ဆိုင်ကယ် အစီးရေထောင်ပေါင်းများစွာက ဟွန်းတီးကာ မြို့အနှံ့လှည့်လည်ပြီး ဆန္ဒဖော်ထုတ်ခဲ့သည်။